DVB Logo
Home
မြန်မာသတင်း
မြိတ်-ထားဝယ်၊ ကလေး-တမူး လမ်းများ ပိတ်ထားသဖြင့် ခရီးသည်ကားနှင့် ကုန်ကားများ အခက် ကြုံ
DVB
·
May 16, 2024
မြိတ်-ထားဝယ်၊ ကလေး-တမူး လမ်းများ ပိတ်ထားသဖြင့် ခရီးသည်ကားနှင့် ကုန်ကားများ အခက် ကြုံ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် ကားလမ်းတလျှောက်မှာ တိုက်ပွဲတွေကြောင့် ခရီးသည်ကားတွေနဲ့ ကုန်တင်ယာဥ်တွေ ၁၀ ရက်ကျော်အထိ ပိတ်မိနေပြီး အခက်အခဲတွေ ဖြစ်နေတယ်လို့ ကားသမားနဲ့ ခရီးသည်တွေက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာနဲ့ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ ရက်ရှေတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ခရီးသည်ကားတွေနဲ့ ကုန်တင်ယာဥ်တွေ ပိတ်မိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

ပဒက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ပြီးတဲ့နောက် ရန်ကုန်-မြိတ်ကို ဆင်းလာတဲ့ ကားတွေဟာ ပလောက်မြို့မှာ ပိတ်မိနေပြီး မြိတ်-ရန်ကုန်သွားမယ့် ကားတွေဟာ ပုလောမြို့မှာ ပိတ်မိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

ရန်ကုန်-မြိတ်ကို ဆင်းလာပြီး ပိတ်မိနေတဲ့ ကားသမားတဦးက “တည်းခိုခန်းတည်းဖို့အတွက်ကလည်း ရက်တွေကြာလာတော့ ကြေးပြား(ပိုက်ဆံ)က အခက်အခဲ ဖြစ်လာတယ်။ ထမင်းဆိုင်တွေမှာလည်း ကုန်ကျစရိတ်တွေက တက်လာတယ်။ ပလောက်ရွာထဲမှာကလည်း ကုန်စည်စီးဆင်းမှုက မရှိတဲ့အတွက် စားစရာတွေလည်း ရှားလာတယ်။ အခုတော့ ပလောက်တံတားပါ စကစက ပိတ်လိုက်ပြီ” လို့ ပြောပါတယ်။

ရန်ကုန်-မြိတ်ကို ဆင်းလာပြီး ပိတ်မိနေတဲ့ ခရီးသည်တချို့ဟာ ပလောက်မြို့မှ မြိတ်ကို ရေကြောင်းနဲ့ ၁၆၀,၀၀၀ ကျပ်ပေးကာ ထွက်ခွာနေကြပြီး အခုလက်ရှိမှာတော့ ပိတ်မိနေတဲ့ ကားအရေအတွက် ၂၀၀ ကျော်ရှိကာ ခရီးသည်နဲ့ ကားသမားဦးရေ ၃,၀၀၀ လောက်အထိ ပိတ်မိနေတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ သရက်ချောင်း၊ ပုလောမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး မြိတ်-ထားဝယ် ကားလမ်းမကို ပြည်သူတွေအနေနဲ့ ခရီးသွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ကလေး-တမူးလမ်းကို စစ်ကောင်စီဘက်က ဧပြီလဆန်းပိုင်းကစတင်ပြီး စစ်ကြောင်းထိုးကာ လမ်းကြောပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ခရီးသွားလာ‌တာနဲ့ ကုန်ပစ္စည်းသယ်ယူပို့ ဆောင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ကလေးမြို့အနောက်မြောက်ဘက် ကလေး-ရာဇာဂြိုလ်လမ်းပိုင်းက လက်ပံချောင်း‌ ကျေးရွာအုပ်စုနဲ့ ကလေး-တမူးလမ်းပိုင်းက နန်းစောင်းပုရွာဘက်တွေမှာ တပ်စွဲနေထိုင်နေပြီး လမ်းကိုပိတ်ဆို့ထားတာလို့ ‌ဆိုပါတယ်။

စစ်ကောင်စီရဲ့ လမ်းကြောပိတ်ဆို့မှုတွေကြောင့် သယ်ယူရတာ ခက်ခဲသွားတဲ့အတွက် အောက်ပိုင်းဘက်ဝင်တဲ့ ကုန်ပစ္စည်းတွေဟာ ၃ ဆခန့်အထိ ဈေးတက်လာသလို ခရီးသည်တဦးကို ကယ်ရီခနဲ့ ကားခ ၃ သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

တမူးမြို့ခံ အမျိုးသားတဦးက “လမ်းတွေကို သူတို့(စစ်ကောင်စီ)က စစ်ကြောင်းထိုးပြီး ရွာတွေ မီးရှို့ လမ်းတွေ ပိတ်ဆိုတော့ ဘယ်သူမှသွားလို့မရဘူး။ အခုတမူးမှာ ရန်ကုန်၊ မန္တလေးဘက်က ဝင်တဲ့ ကုန်ဈေးတွေ မတရားထိုးတက်‌တယ်။‌ လမ်းကြောသယ်ယူရတာ တန်ဆာခများတော့ ဈေးတက်တာပေါ့။ လမ်းက ၁ လခွဲကျော်နေပြီ ပိတ်နေတာ” လို့ ပြောပါတယ်။

လက်ရှိမှာ တမူးမြို့ကနေ ကလေးမြို့ဘက်ကို ခရီးသွားဖို့ဆိုရင် ချင်းတောင်ဘက်နဲ့ ကလေးဝ ရေကြောင်းဘက်ကနေ ပတ်နေရပြီး နေ့ချင်းပေါက်ရောက်တဲ့အ‌ခေါက်တွေလည်း ရှိသလို လမ်းမှာ ညအိပ်ရတဲ့ အခေါက်‌တွေလည်းရှိတယ်လို့ ကလေးမြို့နဲ့ တမူးမြို့ကို ဆိုင်ကယ်ကယ်ရီ‌ပြေးဆွဲနေသူတဦးက ပြောပါတယ်။

တမူး PDF တာဝန်ရှိသူတဦးက “စစ်ကောင်စီက တမူးမှာလည်း သူတို့စိုးမိုးနယ်မြေ ၄ မိုင်ကနေ ပန်းသာရွာအထိ လမ်းကိုပိတ်ထားတယ်။ ကလေးဘက်မှာလည်း စစ်ကြောင်းထိုးပြီး လမ်းတွေ ပိတ်ထားတယ်။ သူတို့ကတော့ ကျနော်တို့တိုက်ခိုက်ခံရမှာကြောက်လို့ ကာကွယ်တဲ့အနေနဲ့ လမ်းကို ပိတ်တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ကလေး-တမူးလမ်းကြောင်းကို ပိတ်ထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013