DVB Logo
Home
မြန်မာသတင်း
ရေဖြူ၊ ရေစကြိုနှင့် ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး၊ ကလေးဒေသခံ ၁ ဦး ပစ်သတ်ခံရ
DVB
·
May 16, 2024
ရေဖြူ၊ ရေစကြိုနှင့် ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး၊ ကလေးဒေသခံ ၁ ဦး ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာအတွင်းကို မေ ၁၆ ရက်နေ့ မနက် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးတဦး ထိခိုက်သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဒေါ်စပ်မ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သရက်ပင်စုရွာသားတဦးက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ကျေးရွာ လူနေအိမ်တွေအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တခြားပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် သရက်ပင်စုရွာဟာ ရေဦးမြို့နဲ့ မူးမြစ်သာခြားပြီး အကွာအဝေး တမိုင်ကျော်ကျော်သာ ရှိပါတယ်။

ရေဦး တိုင်းရင်းဆေးရုံမှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင် စစ်ကြောင်းမထိုးနိုင်တာကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဦး၊ ခင်ဦး၊ ​ဒီပဲယင်း ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခြိမ်းခြောက်နေပါတယ်။

ဧပြီ ၂၅ ရက်ကလည်း ရွှေဘိုလေ့ကျင့်ရေး ၈ တပ်စခန်းက ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ အသက် ၆၈ နှစ်အရွယ် ဒေါ်အေးရှိန် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် လူ့အခွင့်ရေးတာဝန်ခံက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းမှာ မေ ၁၅ ရက် ဒီနေ့မနက်ပိုင်း သာစည်ရွာက‌ ဒေသခံအမျိုးသားတဦး ပစ်သတ်ခံခဲ့ရတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် သာစည်ရွာက ကိုစိုးကို ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ပစ်သတ်တယ် ဆိုတာကိုတော့ သေချာမသိရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

မိသားစုဝင်တဦးက “သားက မြို့ထဲမှာနေတာ ကြာပြီ။ သူနဲ့ မနက်ကတည်းကစ အဆက်အသွယ်က မရဘူး။ ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပပဲ ဖြစ်‌နေတာ။ လူမှုကူညီရေးအသင်းက ပုံတင်ထားတာတွေ့လို့ သားနဲ့တူလို့ သွားကြည့်တာမှာ သားဖြစ်နေတာ။ ဆိုင်ကယ်စီးနေရင်း ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်။ ခါးမှာ သေနတ်ဖောက်ထားတယ်။ ဆိုင်ကယ်ကလဲပြီး ခေါင်းနဲ့ နားတွေထဲက သွေးတွေစီးကျ ဒဏ်ရာရထားတဲ့ ပုံစံမျိုး။ အလောင်းကို ဆေးရုံကြီးမှာ သွားယူရတာ” လို့ ပြောပါတယ်။

ကိုစိုးကိုရဲ့ ရုပ်အလောင်းကို ကလေးမြို့တွင်း လူမှုကူညီရေးအသင်းက ကောက်ယူပြီး ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားတာပါ။

ကိုစိုးကို‌ရဲ့ နောက်ထပ်မိသားစုဝင်တဦးက “သူ့အလောင်းပဲ ပြန်ရခဲ့တယ်။ ပစ်သတ်ခံရတုန်းက ပစ်တဲ့လူ‌တွေက ဖုန်းရော ဆိုင်ကယ်ရော ယူသွားတာ ဖြစ်နိုင်တယ်။ ဖုန်းလည်းမရခဲ့ဘူး၊ ဆိုင်ကယ်လည်း ပြန်မရခဲ့ဘူး။ စုံစမ်းသလောက် လိုက်ကြည့်တာတော့ စစ်တပ်ကပစ်သတ်တာ မဟုတ်ဘူးလို့ သိထားတယ်။ သူက ဘာနိုင်ငံရေးမှ လုပ်တာလည်း မရှိဘူး” လို့ DVB ကို ပြောပါတယ်။

ကိုစိုးကို ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ကလေးမြို့ တော်လှန်ရေးအင်အားစုဝင်တွေဘက်ကို DVB က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူတို့အနေနဲ့ မသိရှိကြဘူးလို့ ဖြေပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီရွာကို ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်စခန်းဌာချုပ်ကနေ မေ ၁၅ ရက် မနက် ၁၁ နာရီလောက်  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရေတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ဆန် ၃ လုံးဟာ ဇာဒီရွာ သစ်လှတော ရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက်ပြီး အသက် ၁၅ နှစ်အရွယ် မောင်ဇော်မျိုးအောင်နဲ့ အသက် ၉ နှစ်အရွယ် မပွင့်ပွင့်တို့ သေဆုံးခဲ့ပါတယ်။

ဇာဒီရွာသားတဦးက “ခြံထဲကပြန်လာပြီး ထမင်းစားဖို့ ထိုင်တုန်းရှိသေး လက်နက်ကြီး အသံကြားလို့ ထပြေးရတယ်။ သစ်လှတောမှာတော့ အိမ်တလုံးထိသွားပြီး ကလေး ၂ ယောက် သေသွားတယ်။ ရွာသားတွေလည်း ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

ဇာဒီရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်ပြီး မေ ၅ ရက် ညနေမှာတော့ လက်နက်ကြီးသံတွေ မကြားရတော့ဘူးလို့ ရွာသားတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့လကလည်း အခုလို အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဥယျာဥ်ခြံလုပ်ငန်းတွေ ယာယီရပ်နားခဲ့ရပါသေးတယ်။

စစ်ကောင်စီ မောရဝတီရေတပ်ဟာ မေ ၇ ရက်ကစပြီး ကလိန်အောင်မြို့ဘက်ကိုလည်း ညစဥ် လက်နက်ကြီး ပစ်ခတ်နေပြီး မေ ၈ ရက်က မြို့တွင်းကျရောက်လို့ အသက် ၇၀ ကျော် အဘွားတဦး ကျည်ထိမှန်ကာ အရေးပေါ် ခွဲစိတ်ကုသခဲ့ရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း စိတ်ကျန်းမာရေးမကောင်းသူတဦးကို မေ ၁၄ ရက်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်က်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “သူက စိတ်မမှန်တာ မွေးရာပါရောဂါပါ။ တရပ်ကွက်လုံးသိတယ်။ မနက် ၇ နာရီလောက် မနက်စာစားဖို့ ပဲပြုတ်သွားဝယ်ရင်း ရုံးပေါင်းစုံမှာ တပ်စွဲထားတဲ့ စစ်သားတွေကပစ်လို့ ဆီးခုံမှန်ပြီး ဆုံးသွားရတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ အသိဉာဏ်မဲ့စွာ မဆင်မခြင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူဟာ ရေစကြိုမြို့၊ အမှတ် ၁၊ နဂါးရုံရပ်ကွက်မှာနေထိုင်တဲ့ စိတ်ကျန်းမာရေး မကောင်းသူ အသက် ၂၆ နှစ်အရွယ် မောင်ဖြိုးသက်ကျော် ဖြစ်ပြီး ရုပ်အလောင်းကို မေ ၁၅ ရက် မနက်မှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “အရင် ၂ ရက်‌လောက်ကလည်း ဒီလိုပဲ မြို့ပေါ်က စိတ်မူမမှန်တဲ့သူတဦးကို ‌ေ–းတွေက သေနတ်နဲ့ပစ်လို့ ခြေထောက်မှန်ပြီး ပခုက္ကူဆေးရုံကြီးမှာ အရေးပေါ်ကုသနေရတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ ဖြစ်တဲ့အားလျော်စွာ မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီးသတ်ဖြတ်တာတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013