DVB Logo
Home
Lead Story
လေဟုန်ဖီပျံ CDM
DVB
·
May 16, 2024
လေဟုန်ဖီပျံ CDM
Donate to DVB

လေဟုန်ကိုဆန်၊ စီဒီအမ်များ

သုံးနှစ်သားတွင်၊ ကြိုးစားချီတက်

ခရီးဆက်နေကြဆဲဖြစ်ပါသည်။    ။

“မနက်ဖြန် သားလေး ကျောင်းနောက်တတန်းတက်ဖို့ စာအုပ်ဝယ်ရဦးမယ်။ သမီးလေး ပညာရေးအတွက် ကွန်ပျူတာလေးတလုံးလည်း ဝယ်ရမယ်။ အမေစားဖို့ ငါးဖယ်ခြစ်လည်း ဝယ်ရမယ်။” မနက်ဖြန် မနက်စာအတွက် ဈေးသွားရင် မနက်စာချက်ဖို့နဲ့ တခြားဝယ်စရာ ခြမ်းစရာတွေကို တွေးပြီး စိတ်ကူးတွေနဲ့ အိပ်ယာဝင်ခဲ့ချိန်ပေါ့။ အမှန်တကယ် မနက် မိုးလင်းချိန်မှာတော့ ကျမနဲ့အတူ မြန်မာတပြည်လုံး အမှောင်ကျခဲ့ရပါတယ်။ စိတ်ကူးတွေ လေမှာလွင့်ပျယ်လေတဲ့ ၂၀၂၁ ရဲ့ ဖေဖော်ဝါရီလအစ ၁ ရက်နေ့လေးပေါ့။ သွားပါပြီ။ ခြေတွေသယ်မရ လက်တွေလှုပ်မရ အခြေအနေကို မထင်မှတ်ဘဲ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရတဲ့ အချိန်ဆိုးကြီးမှာ ကျမတို့မိသားစုတွေရဲ့ အနာဂတ်တွေဟာ ရေမှာ အရုပ်ရေးဆွဲခဲ့ကြသလို၊ မထင်မရှား လှိုင်းတွန့်လေးသာသာပါပဲ။

တက်မစုံသာ၊ ရွက်မပါလည်း

လှော်ခတ်ဆဲပါ၊ လှိုင်းကြမ်းမှာပင်

တူယှဉ်ကြိုးစား၊ တိုက်ပွဲကြားဝယ်။    ။

ဘာလုပ်ကြရမလဲ။ ငါတို့တတွေ ဘာလုပ်ကြရတော့မလဲ။ ဒီ အဓမ္မ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့် ဗိုလ်ကျတာကို ဆက်ငြိမ်ခံနေကြမလား။ ရတဲ့နည်းနဲ့ ခွန်အားရှိသမျှ ပြန်တော်လှန်ကြမလား။ ဒါဟာ လွန်ဆွဲနေရတဲ့ ဆုံးဖြတ်ချက် ချရခက်တဲ့ အခြေအနေပါပဲ။ တဖက်က ပြည့်စုံခိုင်မာပြီး သာယာလှပတဲ့ ရင်သွေးတွေရဲ့ အနာဂတ်တွေနဲ့အတူ မခွဲမခွာ အတူနေချင်တဲ့ အမေအို။ တဖက်က မဖြစ်မနေ လိုအပ်နေတဲ့ တိုင်းပြည်ရဲ့အနာဂတ်။ ရွေးရခက်တဲ့ ဖဲချပ်တခုလို ‌မလွန်ဆန်နိုင်တဲ့ ခံယူချက်။ နာကျင်နေတဲ့ရင်မှာ ကြမ်းတမ်း ခက်ခဲလွန်းမယ်ဆိုတာ ကြိုသိနေခဲ့တဲ့ ခရီးလမ်းကြမ်းရှည်ကြီးကို ရင်ဘတ်တူသူ အဖော်တွေနဲ့ တက်မစုံ ရွက်မပါဘဲ လှော်ခတ်ခဲ့ကြရပါ‌တော့တယ်။ လွမ်းတာကို နာတာနဲ့ဖြေရင်း လျှောက်ခဲ့ကြရတဲ့ သွေးသောက် ရောင်းရင်းတွေဟာ တချို့လည်း ခြေတွေ လက်တွေ မဲ့ကုန်ကြပါပြီ။  တချို့လည်း အသက်မရှိကြတော့ဘူးပေါ့။ တတိ တတိ လှိုက်စားခဲ့ကြတာများ ကြားရ နားဝ ခါးလှပါဘိ။ အိုဘယ့်ဌာနီ မြန်မာပြည်ရယ်။

စီဒီအမ်လား၊ လူကြိုက်များလည်း

ကြီးမားဒုက္ခ၊ ကျော်ဖြတ်ရဆဲ

လမ်းကြမ်းထဲတွင်၊ သုံးနှစ်ပင်ကြာခဲ့ပြီ။    ။

ရောက်ရာမှာ မျက်နှာပွင့်လှပါဘိ။ ဂုဏ်ယူစရာ ဘဝတခုအဖြစ် မြင်ရ ကြုံရ ကျင်လည်ကြရပေမဲ့လည်း ဒီလိုဘဝမျိုးဟာ လွယ်လွယ်ကူကူနဲ့ ရလာခဲ့ကြရတာတော့ မဟုတ်ကြပါဘူး။ ဘေးလွတ်ရာ လှည့်ပတ်ရှောင်တိမ်းကြရင်း ပျော်ရာမှာ မနေရ တော်ရာမှာ မနေချင်ပါဘဲ နေကြရ၊ ကြိုးစားရုန်းကန် တော်လှန်နေကြရဆဲပါ။ မသေရုံတမယ် မသေလို့သာ ရှင်ကျန်ခဲ့ကြရတာပါ။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ စိတ်ဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ကြရ ကျော်ဖြတ်နေကြရဆဲပါ။ သေဘေးကြုံခဲ့ကြရတာမျိုးက အကြိမ်ကြိမ်၊ ဘုရား တ တတ၊ တရား တရွရွ၊ သည်းထိပ်ရင်ဖို သက်စွန့်ဆံဖျား နွေဦးတော်လှန်ရေး ခရီးကြမ်းကြီးပါပဲ။ လွတ်ရာရောက်တဲ့အထိ ရဲဘော်ရဲဘက်များကို ဆက်လက်ထောက်ပံ့နိုင်ဖို့ မှန်းရင်း အားသွန် ခွန်စိုက်ခဲ့ကြရတာပေါ့။ ဒါပေမဲ့လေ ပြေလည်ပြီးသား ပင်စင်စားဖို့အထိ ရေရာတဲ့ သေချာလှတဲ့ အခြေအနေနဲ့ အမှန်တကယ် ကြုံရတဲ့ ပကတိအခြေအနေတွေဟာ ကွာခြားနေလွန်းလှပါဘိ။ မတူတဲ့ဘဝတွေမှာ သိမ်ငယ် ရှက်ရွံ့တာတွေနဲ့ ချစ်ရသူတွေ မသိအောင် သက်ပြင်းခိုးချ အခါခါပေါ့။ အဆင်ပြေတယ်ဆိုတဲ့ မုသားတွေ အတွင်တွင်သုံးရင်း လကုန် နှစ်ပေါက် ခရီးတောင် အတော်ရောက်ခဲ့ကြပြီပေါ့။

နွေဦးကာလ၊ အချိန်ကျသော်

ဓမ္မသည်သာ၊ နိုင်ရမှာမို့

သူငါကြိုးစား၊ စုပေါင်းအားဖြင့်

တို့များအိမ်ပြန် လှတော့မည်။    ။

ဘယ်လိုပဲဆိုပါစေ။ အမှန်တရားကသာ နိုင်မှာ သေချာတာကို မြေပြင်အခြေအနေတွေက ထင်ဟပ် ဖော်ပြနေပါတယ်။ အာဏာရှင်ကျဆုံးခန်းမှာ စစ်ကျွန်တွေဟာ အပြိုပြို၊ အလဲလဲ၊ အပြဲအကွဲ၊ အသဲအမဲပါပဲ။ မွဲခြောက် ပုံပျက် အကြမ်းဖက်တွေဟာ ကြည့်စရာ ကျက်သရေ ရွှေပေးတောင် မမြင်ကြရတော့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပြည်သူ့ရဲဘော်များရှေ့ ခွေးပြေး၊ ဝက်ပြေး၊ ခွေးသေ၊ ဝက်သေတွေဟာ ပြန်မမြှုပ်နိုင် အန်ထုတ်ငိုင်လောက်အောင်ပါပဲ။ ပြည်သူ့ကျိန်စာ ဘွာခတ်မရစတမ်း ပြန်အမ်းမရနိုင်ပါဘူး။

ဘယ်လိုပဲပြောပြော လမ်းဆုံးရင် ရွာတွေ့နိုင်သလို အချိန်တန်ရင်တော့လည်း အိမ်ကိုပြန်ကြရမှာပါပဲ။ အခုဆိုရင် အချိန်ကာလတခုကို ကျော်ဖြတ်လာခဲ့ကြပြီးဖြစ်တဲ့ လေဟုန်ဖီပျံ CDM တွေဟာ ထင်ထားတာထက်ကို ပိုမိုအောင်မြင်လာနေကြတာကို မြင်တွေ့လာကြရပါပြီ။ ဥပမာတခုအနေနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ဖြစ်သလို ပြေးလွှား ပုန်း ရှောင်တိမ်းလာခဲ့ရတဲ့ CDM ပညာရေးဝန်ထမ်း ကျောင်းဆရာမလေးတယောက်ဟာ တနှစ်ခွဲကာလအတွင်းမှာ သီလစောင့်ရင်း၊ တရားနာရင်းကတောင် CDM တွေရဲ့ အတွေ့အကြုံ ခံယူချက် ခံစားချက်တွေနဲ့ စိတ်ခွန်အားမျှဝေရေး ဆောင်းပါးစာစုပေါင်း အပုဒ်ရေ ၃၀ နီးပါး ရေးခဲ့နိုင်ပြီး ဖြစ်လာပါတယ်။ ဆက်လက် ရေးသားနေဆဲလည်း ဖြစ်ပြီး စာအုပ်ထုတ်ဖို့တောင် စဉ်းစားပြင်ဆင်နေပါပြီ။ အထည်ချုပ်လုပ် ပညာကိုလည်း အတော်အတန် သင်ကြား တတ်မြောက် ကျွမ်းကျင်လာပြီး ဘာသာရပ်တခုကို ပြီးလုအောင် လေ့လာနိုင်လာခဲ့ပြီး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် နိုင်ရာတာဝန်တွေကို ကြုံသလိုထမ်းရင်း ကုသိုလ်၊ ပညာ၊ ဥစ္စာ စတာတွေ အတန်အသင့် ရရှိနေပြီး သင့်ရာဒေသမှာ ကျင်လည်နေနိုင်တာဟာ ဗုဒ္ဓအလိုကျ မင်္ဂလာတရားဝောာ်နဲ့ အညီပါပဲ။ ဒါဟာ CDM တွေ အားလုံးကို ကိုယ်စားပြုတဲ့ အရှင်းလင်းဆုံး သာဓကပါပဲ။ ဒီ CDM တွေ အားလုံးရဲ့ လေဟုန်ဖီ ပျံသန်း ရိုက်ခတ်သံတွေဟာ မြေပြင်တဝန်း ပဲ့တင်လွှမ်းလို့ နေကြတော့မှာပါ။ နွေဦး အောင်ပွဲနဲ့အတူ အောင်သပြေတွေ ပိုက်ပြီး အားလုံးအမြန် အိမ်ပြန်နိုင်ကြပါစေ။    ။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013