DVB Logo
Home
မြန်မာသတင်း
နီးကပ်လာသည့် တိုက်ပွဲကြောင့် ငပလီကမ်းခြေက ဟိုတယ်များ ပိတ်ထားရ
DVB
·
May 16, 2024
နီးကပ်လာသည့် တိုက်ပွဲကြောင့် ငပလီကမ်းခြေက ဟိုတယ်များ ပိတ်ထားရ
Donate to DVB

ရခိုင်ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲသံတွေကြောင့် ငပလီကမ်းခြေက ဟိုတယ်နဲ့ တည်းခိုခန်းအများစု ပိတ်ထားရပြီး ဝန်ထမ်းတွေနဲ့ ဒေသခံတချို့လည်း လွတ်မြောက်ရာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ အနီးအနားရွာတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက မေလထဲမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာပါ။

တိုက်ပွဲသံတွေကြောင့် ငပလီကမ်းခြေက ဟိုတယ်နဲ့ တည်းခိုခန်းအများစု ပိတ်ထားရပြီး ငွေကြေးတတ်နိုင်တဲ့ ဒေသခံတွေကတော့ ရန်ကုန်နဲ့ တခြားလွတ်မြောက်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ငပလီကမ်းခြေမှ တည်းခိုခန်းပိုင်ရှင်တယောက်က ပြောပါတယ်။

“ငပလီကမ်းခြေက ဘာမှန်းတောင် မသိတော့ဘူးပေါ့။ လူတွေကလည်း တိုက်ပွဲကြောင့် မလာတော့ဘူး။ ရှိတဲ့လူတွေတောင် လွတ်တဲ့နေရာပေါ့ ရန်ကုန်တို့ ဘာတို့ဘက် ပြေးနေကြပြီ။ နေ့တိုင်း လေယာဉ်ရှိတယ် အပြည့်ပဲ၊ ကားလမ်းတွေက အကုန်ပိတ်ထားတာဆိုတော့ လေယာဉ်နဲ့ပြေးကြတာ။ အဓိက သူဌေးတွေ၊ နိုင်ငံရေးသမားတွေ၊ ဥက္ကဋ္ဌတွေပေါ့။ အစိုးရဝန်ထမ်းတွေလည်း စာတင်ပြီး သွားရင် သွားလို့ရတယ်။ အခုဆို ရဲတွေလည်း ပြေးတာပဲ၊ ဆရာဝန်တွေလည်း ပြေးတာ၊ ကြောက်တဲ့သူတွေ အကုန်ပြေးကြတာပဲ။ ဟိုတယ်တွေက ပုံမှန် မေလအလယ်ဆို ပုံမှန်ပိတ်နေကျပဲ။ ဝန်ထမ်းတွေက ၁၅ ရက်ဆင်း ၁၅ ရက်နားနဲ့ ဝန်ထမ်းတွေကို လစာတဝက်ပေးတာပေါ့။ တချို့ကတော့ ဝန်ထမ်းကို လျေှာ့လိုက်တာပေါ့။ တချို့ဟိုတယ်တွေက အခန်းတွေ ပုံမှန်အချိန်ဖွင့်ရင်တောင် မငှားရတဲ့ အခြေအနေ ဖြစ်နေပြီ အခုဟာက။”

ကမ်းခြေက ဟိုတယ်နဲ့ တည်းခိုခန်းတွေက မိုးရာသီမှာ ပုံမှန်ပိတ်သလို ဝန်ထမ်းလျေှာ့တာတွေက ဖြစ်လေ့ရှိပေမဲ့ အခုတခါမှာတော့ တိုက်ပွဲသံတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ သဘောနဲ့ လုံးဝပိတ်ထားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ငပလီကမ်းခြေက နာမည်ကြီးဟိုတယ်တွေက စစ်ကောင်စီ ဆက်စပ်သူတွေနဲ့ ခရိုနီသူဌေးတွေ ပိုင်ဆိုင်ကြတာဖြစ်ပြီး ပုံမှန်ဆို သူတို့နဲ့ဆက်စပ်ပြီး လာရောက် အနားယူ တည်းခိုကြတာ ဖြစ်ပါတယ်။

ဒီတခေါက်မှာတော့ တိုက်ပွဲသံတွေကြောင့် လာရောက်သူ လုံးဝမရှိဘူးလို့ ဟိုတယ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“ဟိုတယ်တွေက ပိတ်ထားပြီလေ သင်္ကြန်ပြီးကတည်းကပဲ။ စားသောက်ဆိုင်လေးတွေတောင် မဖွင့်ကြတော့ဘူး။ ဟိုတယ်အကြီးတွေက အကုန်ပိတ်ပဲ။ guest house အသေးလေးတွေက ဖွင့်တောင်မဖွင့်၊ သင်္ကြန်မတိုင်ခင်က ဟိုနည်းနည်း ဒီနည်းနည်း လာသေး၊ ပြီးတော့ သူတို့နဲ့ ပတ်သက်တဲ့ အကောင်ကြီးကြီးတွေဆို long stay လာနေကြတာ။ အခုကတော့ လာတဲ့သူကို မရှိတာ။”

ဧပြီ ၁၇ ရက်ကစပြီး သံတွဲ-တောင်ကုတ် လမ်းမပေါ်က ရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေရာကနေ မေလပထမပတ်ကစလို့ သံတွဲမြို့ အနီးအနား ရွာတွေကိုပါ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေတဲ့အတွက် သံတွဲမြို့တွင်းမှာ ကုန်စည်ပြတ်လပ်နေတာပါ။ရက္ခိုင့်တပ်တော် (AA) က ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံနဲ့ ရမ်းဗြဲမြို့ကို သိမ်းယူထားနိုင်ပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013