Home
မြန်မာသတင်း
ဖောင်းပြင်၊ ပခုက္ကူ၊ မုံရွာ၊ တနင်္သာရီနှင့် လက်ပံတန်းတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံး
DVB
·
May 15, 2024
PhaungPyinPDF_15052024

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ စစ်ကောင်စီအထိုင်စခန်းကို မေ ၁၃ ရက် မနက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နေသိရပါတယ်။

မော်လိုက်ခရိုင်ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက “အဲဒီမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူးတွေကို သွားတိုက်ခိုက်တာ။ စစ်တပ်ကခမရ ၃၆၇၊ ခမရ ၃၆၈ နဲ့ ပျူစောထီး  ပူးပေါင်းအင်အား ၆၀ ခန့်ရှိတဲ့ အခြေပြုစခန်းပါ။ တိုက်ပွဲမှာကတော့  စစ်ကောင်စီစစ်သား ၁၁ ဦးသေဆုံးတယ်ဗျ။ ကိုယ့်ဘက်ကတော့ ရဲဘော် ၁ ဦး သေဆုံးရတယ်။ နောက်ထပ် ရဲဘော် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ ကျနော်တို့ စစ်ကောင်စီဘက်ကနေ လက်နက်ငယ် ၅ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး သိမ်းဆည်းရရှိခဲ့သေးတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ရှေ့တန်းကွပ်ကဲရေး အဖွဲ့၊ မော်လိုက်ခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂ နဲ့  ဖောင်းပြင်မြို့နယ် ပကဖပူးပေါင်းအဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က  Mi-2 ရဟတ်ယာဉ်နဲ့ ဗုံးသီး ၃ လုံးအပါအဝင်၊ ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့နယ်‌ တောင်ပိုင်းနဲ့မြောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့  ဒေသခံ ပြည်သူ့ကာကွယ်‌ရေးတပ်တို တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ရဲဘော်တဦးက ပြောပါတယ်။ 

“တိုက်ပွဲက မပြီးသေးဘူးဗျ။ စစ်‌‌ရေးအခြေအနေကတော့ တင်းမာနေဆဲပဲဗျလို့ ပြောပါတယ်။ ဒီတိုက်ပွဲအသေးစိတ်ကို ပြန်ပြောပေးပါမယ်ဗျ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို မေ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီ၀န်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့​တယ်လို့ People's Defence Force - South Monywa က ပြောပါတယ်။

People's Defence Force - South Monywa ရဲ့ တာ၀န်ခံတဦးက “၀မ်ပေါင်ကနေပစ္စည်းသယ်ပြီး စစ်ကိုင်းကနေ မုံရွာဘက်ကိုထွက်လာတဲ့ တွဲကား ၁၁ နဲ့ စစ်ယာဉ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်းတနေရာမှာ မိုင်း ၁၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တွဲကား ၁ စီးပျက်စီးပြီး ကားပေါ်ပါတဲ့ စခ ၄ ကောင်သေတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီယာဥ်တန်းကို စုစုပေါင်း မိုင်း ၁၄ လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

PDF ရဲဘော်တဦးက “မိုင်းဆွဲခံရတဲ့ ကားရပ်သွားပြီးတော့ နောက်ကားကနေ ‌ေ-သေ ၄ ကောင်ကို ကောက်တင်သွားတာ တွေ့လိုက်ရတယ်။ ရမ်းပြီးပြန်ပစ်တာတော့ရှိတယ်။ ကျနော်တို့ဘက်က ဘာမှအထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းရဲ့ People's Defence Force - South Monywa တပ်ခွဲ ၁၊ Area71 People's Defence Force၊ မုံရွာမြို့နယ် တိုက်နယ် ၃ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေ ၁၂ ရက် မနက် ၁၀ ခွဲ၀န်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ (M.Y.G) က ပြောပါတယ်။

Joker ပြောက်ကျားတပ်ဖွဲ့ (M.Y.G) ရဲ့ တာ၀န်ရှိသူတဦးက “ပခုက္ကူမြို့ကနေထွက်လာတဲ့ ‌ေ-အင်အား ၇၀ လောက်က ကျပ်ထိုးရဲစခန်းကို အင်အားဖြည့်ပြီး ရေကြည်နဲ့ ချိုင်ရွာဘက် ဝင်လာတဲ့အချိန် ချိုင်ရွာနားမှာ ကျနော်တို့တပ်ပေါင်းစုက ဒရုန်းတွေနဲ့ဗုံးကြဲခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းတွေသုံးပြီး ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“‌ေ-သားတွေက ပြည်သူတွေရဲ့အိမ်တွေကို ဖောက်၊ ပစ္စည်းတွေခိုးပြီး ရေကြည်နဲ့ ချိုင်ရွာတွေက ရွာခံအမျိုးသား ၄၀ လောက်ကို အင်္ကျီအဖြူတွေ၀တ်ခိုင်းပြီး ဆိုင်ကယ်တွေနဲ့ ဓားစာခံလုပ်ပြီး ရိက္ခာပို့ခိုင်းနေတာ” လို့ မြိုင် ပကဖ ရဲဘော်တဦးက ပြောပါတယ်။

မေ ၁၁ ရက်နေ့၊ ညနေ ၆ နာရီ၀န်းကျင်ကလည်း ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းကို ဒရုန်းအကြီးနဲ့ ဗုံးသီး ၁၀ လုံးနဲ့ ည ၁၀ နာရီခွဲ၀န်းကျင်မှာ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် (ပ.က.ဖ)၊ Joker ပြောက်ကျားတပ်ဖွဲ့ (M.Y.G)၊ ဒို့ညီနောင် ပြောက်ကျားတပ်ဖွဲ့ (M.Y.G)၊ P.D.F KAMMA (တပ်ပေါင်းစု)၊ ABSDF ကျောင်းသား တပ်မတော်နဲ့ ဧရာဒေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ၂ ရက်တာအတွင်း စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီတပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ တာဝန်ခံက ဆိုပါတယ်။

မေ ၁၃ ရက် မနက်ပိုင်းမှာ တနင်္သာရီမြို့နယ်၊ ဘန်ကြုပ်ရွာအနီး အင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ နဲ့ တောင်ပိုင်းညီနောင်စစ်ကြောင်းတို့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး မိနစ် ၄၀ အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကြောင်းတကြောင်းတည်းပါ။ ဒုတိယအကြိမ်လည်း ဘန်ကြုပ်အနီးနားက တောထဲမှာပဲ ဖြစ်တာပါ။ ထိခိုက်မှုရှိတယ်။ သေဆုံးတာမျိုး အတည်မပြုနိုင်သေးပါဘူး။”

အဆိုပါနေ့ ညနေပိုင်းမှာလည်း ထိတွေ့မှုအနည်းငယ် ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်က ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

နောက်တနေ့ မေ ၁၄ ရက်မှာလည်း ဘန်လင်ရွာအနောက်ဘက်မှာရှိတဲ့ ဆီအုန်းတောကို ဖြတ်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့က နေ့လယ်ပိုင်းမှာလည်း ထိတွေ့တိုက်ခိုက်မှု ရက်ရှည်ဖြစ်နေတဲ့ သိန္ဒောရွာက စစ်ကောင်စီစခန်းကို ADF ဒရုန်းတပ်ဖွဲ့ကနေ ဗုံးသီး ၅ လုံး ကြဲခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုကိုတော့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် သိန္ဒောစခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိရာကို ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်ကစပြီး ဒီနေ့အထိ လတဝက်ကျော် ကြာမြင့်တဲ့အထိ စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး တဖက်မှာလည်း မြိတ်-ကော့သောင်း ကားလမ်းတလျှောက်မှာ တိုက်ပွဲတွေပြင်းထန်တာကြောင့် ကားတွေ ရက်ရှည်ပိတ်မိနေပါတယ်။

မြိတ်-ကော့သောင်း ကားလမ်းပိုင်းက တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ ဗျူဟာအရ အရေးပါတဲ့ ၁၀၂၀ တပ်စခန်းကုန်းကို Black Cobra Column ပူးပေါင်းစစ်ကြောင်းကနေ ဧပြီ ၃၀ ကနေ ၂ ပတ်အတွင်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာမှာ မေ ၁၃ ရက်၊ မနက် ၇ နာရီလောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ပဲခူးရိုးမထဲကို စစ်ကောင်စီ အင်အား ၁၀၀ ကျော်နဲ့ ဦးတည် စစ်ကြောင်းထိုးတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ငယ်တွေအပြင် ၄၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် တဦး သေဆုံးခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲ့ သတင်းနဲ့ ပြန်ကြားရေး ရဲ‌ဘော် ကိုတူးက ပြောပါတယ်။

“ကျနော်တို့က အရင်ရက်ကတည်းက သူတို့စစ်ကြောင်းထိုးလာမှာကို သတင်းရလို့ ကြိုစောင့်နေတာ။ ၁၃ ရက်နေ့ မနက် ၇ နာရီလောက်မှာ တက်လာတာမြင်လို့ ၄၀ မမနဲ့ ရှေ့ပွိုင့်စခတွေကို ပစ်တာပါ။ ပစ်ခတ်တဲ့ကျည် ကွက်တိမှန်လို့ စကစဘက်က ၁၀ ယောက်ထိသွားတယ်။ ထိတဲ့ ၁၀‌ ယောက်ကို ကားနဲ့သယ်သွားတယ်။ လမ်းမှာ တယောက်သေပါတယ်။”

တိုက်ပွဲမှာ စစ်ကောင်စီဘက်က တယောက် သေဆုံးတဲ့အပြင် ဒဏ်ရာရ ၉ ဦးအနက် ၃ ဦးမှာလည်း အခြေအနေ ဆိုးရွားနေပြီး တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ရဲဘော်ကိုတူးက “၆ ယောက်က ပွန်းပဲ့ရုံလောက်ပဲ။ ၃ ယောက်ကလည်း သိပ်အခြေအနေမကောင်းဘူး။ လောလောဆယ် စကစဘက်က ရေငံမှာ တပ်စွဲထားပါတယ်။ သူတို့ ရိုးမပေါ်တက်လာရင် တိုက်ပွဲထပ်ဖြစ်မယ့် အနေအထားရှိတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက် အကျအဆုံး မရှိပေမဲ့ ရေငံရွာ အပါအဝင် အနီးအနားရွာတွေပါ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမြို့နယ်အတော်များများမှာ စစ်ကောင်စီ ဗျူဟာကုန်း၊ တပ်စခန်း၊ စစ်ကြောင်းတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး ထိခိုက်ကျဆုံးတာတွေ ရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024