Home
မြန်မာသတင်း
စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲဒေသခံ ၁၀ ဦး သေဆုံး
DVB
·
May 15, 2024
TANDWEL_09052025

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မေ ၁၄ ရက် ညက စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမရှိဘဲ သူဌေးတိုက်နယ်၊ လင်းသီရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုလိုက်အပါအဝင် ဒေသခံ ၈ ယောက် နေရာမှာတင် သေဆုံးခဲ့ရတာပါ။

ဒေသခံတယောက်က “ည ၇ နာရီလောက်မှာ ကျတာ။ လင်းသီက ဒေါ်မတင်အောင်တို့ အိမ်ပေါ်ကိုကျတယ်။ သူ့ယောကျ်ားရယ်၊ သမီး ၂ ယောက်ရယ်။ သူတို့အိမ်ကို ရောက်နေတဲ့ နောက် လင်မယား ၂ ယောက်ရယ် တခါတည်းသေသွားတယ်။ အဲဒီနား ခပ်လှမ်းလှမ်းကနေရာမှာ နောက်တလုံးကျပြီး ယောကျ်ားတယောက်နဲ့ မိန်းမ ၂ ယောက်သေတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် ၂ ယောက်နဲ့ လူငယ်အမျိုးသား ၁ ယောက်ပါဝင်ပြီး ဒဏ်ရာပြင်းထန်သူ ၃ ယောက်ကိုတော့ သံတွဲဆေးရုံဆီကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ၃ ယောက်ထဲက အမျိုးသမီးတယောက်ဟာ လမ်းမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးတယောက်လည်း ဆေးရုံမှာ ထပ်သေသွားတာကြောင့် စုစုပေါင်း ၁၀ ယောက် သေဆုံးသွားပြီလို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က “ရွာမှာသေသူတွေကို ဘယ်လို သင်္ဂြိုဟ်မယ်ဆိုတာ မသိရသေးဘူး။ လူတွေက အကုန်ပြေးကုန်ပြီ။ ရွာမှာ နဂိုကပဲ လူတွေက ရှောင်နေကြတာ။ တချို့ကတော့လည်း နေ့ပိုင်း တခြားရွာ သွားနေပြီး ညဘက်ဆိုရင် လက်နက်ကြီး မပစ်တော့ဘူးဆိုပြီး အိမ်ပြန်နေကြတယ်။ ခုကလည်း လက်နက်ကြီးက အသံမကြားရဘဲ ကျလာတာဆိုတော့ ပုန်းချိန်မရလိုက်တာ” လို့ ပြောပါတယ်။

လက်နက်ကြီးကျတဲ့ရွာဟာ မွတ်စလင်အများစုနေထိုင်ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ရွာဖြစ်သလို သေဆုံးသူ ၉ ယောက်ဟာလည်း မွတ်စလင်တွေလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီရွာရဲ့ ပတ်ဝန်းကျင်မှာ ရက္ခိုင့်တပ်တော် (အေအေ) ရှိနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိန်းမရဲ့ ကျေးရွာအနီးဝန်းကျင်တွေ ဖြစ်ပါတယ်။

ဒီနေ့ မေ ၁၅ ရက် မနက်အစောပိုင်းကစလို့ အဲဒီရွာဝန်းကျင်ကို တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့သလို သံတွဲမြို့အထွက်မှာရှိတဲ့ အမြောက်ကလည်း ပစ်ခတ်နေတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်ထဲမှာ သေဆုံးသူ ၁၁ ယောက်ရှိလာပြီး ၂ ၃ ယောက် ဒဏ်ရာအပြင်းအထန်ရထားပါတယ်။

Photo - သံတွဲမြို့နယ်တွင် မေ ၉ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က လက်နက်ကြီး အများအပြား ပစ်ခတ်စဉ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024