DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့် ဆောတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲသဖြင့် ပြည်သူ ၁၁ ဦး သေဆုံး
DVB
·
May 15, 2024
မောင်တောနှင့် ဆောတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲသဖြင့် ပြည်သူ ၁၁ ဦး သေဆုံး
1 / 2
Donate to DVB

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မေ ၁၄ ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တစီးဟာ မွန်းတည့် ၁၂ နာရီလောက်မှာ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။

“ဂျက်တိုက်လေယာဥ်တစီး နေ့လယ် ၁၂ နာရီကျော်လောက် ပထမတခေါက်ဗုံးကြဲခဲ့တယ်။ နောက် ၁၀ မိနစ်လောက်အကြာမှာ ထပ်လာပြီးတော့ ဗုံးကြဲတယ်။ ရွာသား ၃ ဦးကတော့ နေရာမှာတင် ဗုံးစတွေထိပြီး သေသွားတယ်။ နောက်တဦးကတော့ ဆေးကုသမှုခံနေတာမှာ ဆုံးသွားတာ။ ကျန် ၄ ဦးကိုတော့ ဆေးကုသမှုခံနေကြရတယ်” လို့​ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုဘိုကျော် (၃၄) နှစ်၊ မနွယ်နွယ် (၂၀ နှစ်)၊ ဒေါ်စိန်နု (၇၅ နှစ်) နဲ့ ဒေါ်သိန်းညွန့် (၃၅ နှစ်) တို့ သေဆုံးခဲ့ပြီး ဒေါ်အေးနုမြိုင် (၅၀နှစ်)၊  မချိုချိုဝင်း (၂၈ နှစ်) နဲ့ အမျိုးသား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြကာ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိမှာ နခခ (၅) မြို့သူကြီး၊ နခခ (၄) လေးမိုင်နဲ့ အလယ်သံကျော်ဌာနချုပ်တို့ကို AA ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အဆက်မပြတ်ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မေ ၁၂ ရက်နေ့ကလည်း ငွေတောင်ကျေးရွာနဲ့ သာယာကုန်းကျေးရွာတွေက ဒေသခံ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

မောင်တောမြို့နယ် မကျစေဖို့ စစ်ကောင်စီက မြို့ဝင်တံတား ၄ စင်းထက်မနည်းကို ဖျက်ဆီးခဲ့ပြီး လက်ရှိမှာ အပြင်းအထန်ခုခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကိုလည်း မေ ၁၄ ရက်၊ ညနေ ၃ နာရီခွဲ၀န်းကျင်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၉ ဦး ထက်မနည်း ဒဏ်ရာရရှိကာ လူနေအိမ် ၁၁ လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

တောမကျေးရွာသားတဦးက “သေဆုံးသွားတဲ့ ၇ ဦးထဲမှာ ၈ လသားနဲ့ ၅ နှစ်သား ကလေးတွေ၊ ၂ ယောက်စလုံးက ယောကျ်ားလေးတွေ။ အမျိုးသမီး ၄ ဦး နဲ့ နောက်အမျိုးသား ၁ ဦး စုစုပေါင်း ၇ ဦးပေါ့။ ဗုံးသီးတည့်တည့်ကျတဲ့ အိမ်မှာရှိတဲ့သူတွေက လက်တွေ၊ ခြေတွေပြတ်ပြီး သေဆုံးသွားကြတယ်။ ဒဏ်ရာရတဲ့သူတွေထဲက ၉ ဦးကတော့ စိုးရိမ်ရတယ်။ ဒဏ်ရာမစိုးရိမ်ရတဲ့သူတွေကတော့ အရေအတွက်များတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီ ဗုံးကြဲတာကြောင့် တောမကျေးရွာ အနောက်ဘက်ခြမ်းက လူနေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး ကျန်နေအိမ် ၉ လုံးကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ စစ်တပ်က ပြည်သူအပေါ်မှာ အငြိုးကြီးကြီးနဲ့ကို ရက်စက်ယုတ်မာနေတယ်။ ဗုံးကြဲခံရလို့ စိုးရိမ်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့တာရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆေးတပ်သားတွေက ဆေးကုသပေးနေရပါတယ်” လို့ ပြောပါတယ်။

တောမကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုကလည်း စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေပိုင်တဲ့နွားတွေ ကျည်ထိမှန်သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

ဆောမြို့နယ်အတွင်းမှာ စစ်တပ်က မေ ၉ ရက်နေ့မှာ အကြည်ပန်းပလွန်းကျေးရွာနဲ့ မေ ၁၄ ရက်နေ့မှာ တောမကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းကနေဗုံးကြဲခဲ့လို့ အပြစ်မဲ့ဒေသခံပြည်သူ ၂၄ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - ယောအလင်းတန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013