DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်အဖွဲ့ဝင် ၁,၀၀၀ ကျော် တူရကီတွင် ဆေးကုသမှုခံယူနေ
DVB
·
May 14, 2024
ဟားမတ်စ်အဖွဲ့ဝင် ၁,၀၀၀ ကျော် တူရကီတွင် ဆေးကုသမှုခံယူနေ
Donate to DVB

တူရကီနိုင်ငံတဝန်းရှိ ဆေးရုံတွေမှာ ကုသမှုခံယူနေကြတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့ဝင် ၁,၀၀၀ ကျော်ရှိကြောင်း တူရကီသမ္မတ တေယစ်အာဒိုဂန်က မေ ၁၃ ရက်မှာ ပြောကြားလိုက်ပြီး ဟားမတ်စ်အဖွဲ့ဟာ တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ ဖြစ်တယ်ဆိုတဲ့ သူ့ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အန်ကာရာမှာ ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကိစ်နဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့လို့ ယူဆတဲ့ ဂရိရဲ့ အမြင်သဘောထားကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောသွားပါတယ်။

တူရကီဟာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရုံးတင်စစ်ဆေးဖို့ တောင်အာဖရိကရဲ့ လျှောက်ထားအဆိုပြုချက်မှာ ပါဝင်မယ့် တူရကီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကြေညာခဲ့ပါတယ်။

တူရကီသမ္မတ အာဒိုဂန်ဟာ ပြီးခဲ့တဲ့လက အစ္စတန်ဘူလ်မှာ ဟားမတ်စ်အကြီးအကဲ အစ္စမေးလ် ဟာနီယာနဲ့ “လွတ်မြောက်ရေးလှုပ်ရှားမှု” လို့ခေါ်တဲ့ ဟားမတ်စ်အဖွဲ့က ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဂါဇာစစ်ပွဲ ဆက်ရှိနေသရွေ့ အစ္စရေးမြောက်ပိုင်းက ဒေသခံတွေ အိမ်ပြန်နိုင်မှာ မဟုတ်ဘူးလို့ အားကောင်းတဲ့ လက်ဘနွန် လက်နက်ကိုင်အုပ်စု ဟစ်ဇ်ဘိုလာတွေရဲ့ အကြီးအကဲက မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

ဂါဇာစစ်ပွဲနဲ့အပြိုင် လက်ဘနွန်တောင်ပိုင်း နယ်စပ်တလွှားမှာ ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်နေခဲ့တာပါ။

ပါလက်စတိုင်း လက်နက်ကိုင်အုပ်စု ဟားမတ်စ် မဟာမိတ်တွေကို ထောက်ပံ့ဖို့နဲ့ လက်ဘနွန်ကို အစ္စရေးက တိုက်ခိုက်လာတာကို ဟန့်တားဖို့ အစ္စရေးဆီကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အုပ်စုက ပြောခဲ့ပြီးပါပြီ။

အစ္စရေးက ဂါဇာကို ဆက်ပြီး တိုက်နေသရွေ့ သူ့အုပ်စုကလည်း ဆက်ပြီး တိုက်သွားမယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နတ်စ်ရာလာက တနင်္လာနေ့ ရုပ်သံမိန့်ခွန်းမှာ ထပ်ပြောခဲ့ပါတယ်။

လက်ဘနွန်ရှေ့တန်းနဲ့ ဂါဇာကြားက အချိတ်အဆက်ဟာ မငြင်းသာအောင် ခိုင်မာ ပြည့်စုံတယ်၊ ဘယ်သူကမှ လက်တွဲဖြုတ်အောင် မလုပ်နိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် နယ်စပ်နှစ်ဖက်စလုံးက ထောင်သောင်းချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရတာပါ။

လက်နက် အကြီးအကျယ် တပ်ဆင်ထားတဲ့ ရန်ဘက်တွေကြားမှာ ပိုကြီးတဲ့စစ်ပွဲ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အစ္စရေးကတော့ လက်ဘနွန်ကို စစ်ရေးအရ တိုက်ခိုက်ပြီးဖြစ်ဖြစ် သံတမန်ရေး သဘောတူညီချက် ကြားခံကနေပဲဖြစ်ဖြစ် ဒေသခံတွေ အိမ်ပြန်နိုင်ဖို့ လုံခြုံရေးကို လိုချင်တယ်လို့ ပြောထားပါတယ်။

အစ္စရေးမြောက်ပိုင်းက နေရပ်စွန့်ခွာခဲ့ရတဲ့ မိသားစုတွေဟာ စာသင်နှစ်အစဖြစ်တဲ့ စက်တင်ဘာ ၁ ရက်မှာ အိမ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013