DVB Logo
Home
မြန်မာသတင်း
အကျဥ်းထောင်များတွင် ရေအခက်အခဲကြောင့် အကျဥ်းသားများ ယားနာဖြစ်
DVB
·
May 14, 2024
အကျဥ်းထောင်များတွင် ရေအခက်အခဲကြောင့် အကျဥ်းသားများ ယားနာဖြစ်
Donate to DVB

မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ အကျဥ်းထောင် ၁၂ ခုမှာ သောက်သုံးရေ အခက်အခဲတွေကြောင့် အကျဥ်းသားတွေ ယားနာဖြစ်ပွားတာတွေ ရှိနေပြီး အကျဥ်းထောင်တချို့မှာ ရေကို ဝယ်ယူ သုံးစွဲနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က မေ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အကျဥ်းထောင် ၂၀ ကျော်ကို ၃ ပတ်တာ ကာလအတွင်း လုံလောက်တဲ့ စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်။ အကျဥ်းထောင် ၁၂ ခုလောက်က တူညီတဲ့ ရေပြဿနာတွေ ဖြစ်လာတာပေါ့နော်။ ရေချိုး အဝတ်လျှော်တဲ့အခါ ဖြစ်သလိုလုပ်ကြရတဲ့အခါမှာ ပွေး၊ ဝဲ၊ ယားနာတွေ ဖြစ်တယ်ပေါ့။ ပိုပိုပြီး ကူးစက်တာတွေ ဖြစ်လာတယ်။ ပြီးတော့ သောက်ရေကိုလည်း ထောင်တိုင်းမဟုတ်ပေမဲ့ အဆင်ပြေတဲ့ရေကို ရေစစ်နဲ့ခံပြီး သောက်လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာလည်း ရှိတယ်ပေါ့နော်။ အခုလို နွေရာသီ ပူပူအိုက်အိုက်မှာ လူကျပ်ကျပ်ကိုမှ ရေကလည်း လုံလုံလောက်လောက် မချိုးရတော့ အကျဥ်းသားတွေ ထိခိုက်တာတွေ ရှိတာပေါ့” လို့ ပြောပါတယ်။

မိတ္ထီလာအကျဥ်းထောင်၊ ပုသိမ်အကျဥ်းထောင်၊ ပြည်အကျဥ်းထောင်၊ မြစ်ကြီးနားအကျဥ်းထောင်၊ အင်းစိန်ဗဟိုအကျဥ်းထောင်၊ သာယာဝတီအကျဥ်းထောင်၊ ပခုက္ကူအကျဥ်းထောင်၊ ဖျာပုံအကျဥ်းထောင်၊ မြင်းခြံအကျဥ်းထောင်၊ ဂန့်ဂေါအကျဥ်းထောင်၊ ကသာအကျဥ်းထောင်၊ ကလေးအကျဥ်းထောင်တွေမှာ ရေကို ပလတ်စတစ်ခွက်နဲ့ ၁၂ ခွက်ကနေ ခွက် ၂၀ အထိပဲ ချိုးခွင့်ပြုထားပြီး ရေက မသန့်ရှင်းတာကြောင့် ယားနာတွေ၊ ပွေး၊ ဝဲနဲ့ အရေပြားဆိုင်ရာ ချို့ယွင်းမှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဟာရမလုံလောက်တာနဲ့ အကျဥ်းထောင်တွေထဲ ကျပ်ကျပ်သပ်သပ် နေရတာတွေကြောင့် အောက်ပိုင်းချည့်နဲ့တဲ့ ဝေဒနာတွေကို ခံစားနေရသူတွေလည်း များတယ်လို့ ဆိုပါတယ်။

မိတ္ထီလာအကျဥ်းထောင်၊ မြစ်ကြီးနားအကျဥ်းထောင်နဲ့ ဂန့်ဂေါအကျဥ်းထောင်မှာ ရေကို အကျဥ်းသားတွေက ဝယ်ယူသုံးစွဲနေရတာအပြင် ရဲစခန်းအတွက် မီတာခဆောင်ပေးရတာ၊ မော်တာစက်ပြင်ခ ပေးရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး ဆေးဝါးလုံလောက်မှု မရှိတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရတာတွေ ရှိနေပြီး ဆေးဝါးလုံလောက်မှုမရှိတာကြောင့် နိုင်ငံရေးအကျဥ်းသားပေါင်း ၈ ဦးအထိ သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013