DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဆေး‌ခြောက်ကို မူးယစ်ဆေးဝါးစာရင်း ပြန်သွင်းပြီး ထိန်းချုပ်ရန် ကြိုးပမ်း 
DVB
·
May 14, 2024
ထိုင်းတွင် ဆေး‌ခြောက်ကို မူးယစ်ဆေးဝါးစာရင်း ပြန်သွင်းပြီး ထိန်းချုပ်ရန် ကြိုးပမ်း 
Donate to DVB

ထိုင်းနိုင်ငံမှာ ယခင် စစ်ကောင်စီအစိုးရလက်ထက်က ဆေးခြောက်ကို ဥပဒေမှ ကင်းလွတ်ခွင့်ပြုခဲ့ပြီးတဲ့နောက် လွတ်လပ်စွာ စိုက်ပျိုးရောင်းဝယ်လို့ရခဲ့ပေမဲ့ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့  ညွန့်ပေါင်းအစိုးရ တက်လာပြီးတဲ့နောက်မှာ မူးယစ်ဆေးဝါးစာရင်းသွင်းပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။ 

ဆယ်ကျော်သက်ရွယ်လူငယ်တွေဟာ ဆေးခြောက်ပါတဲ့ ဖျော်ရည်၊ မုန့်ပဲသရေစာတွေ စားသုံးရာက စွဲလမ်းတပ်မက်ပြီး မရောင့်ရဲနိုင်တော့ဘဲ ဒီထက်ပြင်းတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး မူးယစ်သားကောင်တွေ ဖြစ်ခဲ့ရတယ်လို့ လူမှုကွန်ရက်မှာ တွင်ကျယ်စွာ ပြောဆိုနေသလို လွှတ်တော်ထဲမှာလည်း ဆေးခြောက်ကင်းလွတ်ခွင့်ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ အဆိုပြုခဲ့ကြပါတယ်။ 

ဒါကြောင့် ထိုင်းဝန်ကြီးချုပ်ဆေထာ ထဝီးဆင်က ဆေးခြောက်ကို အမှတ် ၅ အဆင့် အန္တရာယ်ဖြစ်စေသော မူးယစ်ဆေးဝါးစာရင်းထဲ ပြန်လည်သတ်မှတ်ပြီး လူထုကျန်းမာရေး အတွက်နဲ့ ဆေးဘက်ဆိုင်ရာမှာသာ အသုံးပြုဖို့၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တာဝန်ယူပြီး ဥပဒေကြမ်းရေးဆွဲဖို့ ညွှန်ကြားထားပါတယ်။ 

ယခင်အစိုးရလက်ထက် ဆေးခြောက်ကို ဥပဒေမှကင်းလွတ်ခွင့်ပြုဖို့ အဆိုတင်သွင်းသူမှာ ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဖုမ်ကျိုင်းထိုင်းပါတီ ခေါင်းဆောင် အနုထင်း ချန်းဝီရကွန်း ဖြစ်ပါတယ်။  

အခုလို ဥပဒေပြန်ပြင်မယ့်အပေါ် ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင်နဲ့ ပြဿနာရှိနိုင်မလားလို့ သတင်းထောက်တွေက မေးရာမှာ ဝန်ကြီးချုပ်က မရှိကြောင်း၊ အစိုးရဝန်ကြီးများအဖွဲ့ အချင်းချင်း ဘာပဲလုပ်လုပ် ဆွေးနွေးတိုင်ပင်တယ်၊ ပြည်သူလူထုအကျိုးကို ဦးတည်ပြီး ဆောင်ရွက်တာလို့  သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး  လက်ရှိ ပြည်ထဲရေးဝန်ကြီးဖြစ်နေတဲ့ ဖုမ်းကျိုင်းထိုင်းပါတီ ခေါင်းဆောင် အနုထင်းကလည်း ဆေးခြောက်က ပြဿနာမရှိပါဘူး၊ ပြဿနာက နိုင်ငံရေးကြောင့်ပါ (ဆေးခြောက်ဥပဒေ ကင်းလွတ်ခွင့်ကို အတိုက်အခံပါတီဘက်က သဘောမတူခဲ့)၊ ဆေးခြောက် ကင်းလွတ်ခွင့်ပြုခဲ့လို့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြန်ပြီးစစ်တမ်းကောက်ရမယ်၊ ဆိုးကျိုး ပိုများတယ်ဆိုရင် ဥပဒေပြင်ဖို့ ကျနော်တို့အနေနဲ့ ပြဿနာမရှိပါဘူး၊ ပြည်သူ့အကျိုး ရှေးရှုပြီး လက်ခံပါတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေကြားမှာလည်း သဘောတူတဲ့ဘက်နဲ့ သဘောမတူတဲ့ဘက် ကွဲလွဲမှုတွေ ရှိနေပါတယ်။ 

သဘောတူတဲ့ဘက်ကတော့ မိမိသားသမီးတွေ၊ လူငယ်လူရွယ်တွေကို ဆေးခြောက်မှတဆင့် မူးယစ်ဆေးဝါးသားကောင် ဖြစ်သွားမှာ စိုးရမ်သူတွေ၊ ယခင်က ဆေးခြောက်ပင်ကို ဆေးဝါး ထုတ်လုပ်ရေးမှာ ရောင်းချဖို့ အစာနဲ့ဆေးဝါးဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး ဧကများစွာ စိုက်ပျိုးခဲ့သူတွေဟာ အစိုးရက လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုလိုက်တော့ စိုက်သူတွေ များလာပြီး ရောင်းချလို့ မရတော့ဘဲ  အရှုံးပေါ်ခဲ့သူတွေ ဖြစ်ပါတယ်။ 

သဘောမတူတဲ့ ဘက်ကတော့ ဆေးခြောက်ပင် စိုက်သူ၊ အရောင်းအဝယ်လုပ်သူ၊ အစားအစာနဲ့  ဖျော်ရည်ထုတ်လုပ်ရောင်းချသူတွေဖြစ်ပြီး အချို့မှာ ဘတ်သန်းနဲ့ချီ ရင်းနှီးမြှုပ်နှံခဲ့ရတယ်၊ အစိုးရက တရားမဝင် ကြေညာလိုက်တာနဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေ ဖြစ်သွားမယ်၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မယ်၊ အစိုးရက ဥပဒေကို ခုတမျိုး တော်ကြာတမျိုး အလွယ်တကူ အမိန့်နဲ့ ပြောင်းလဲပစ်ပေမဲ့ နစ်နာဆုံးရှုံးရတာက ပြည်သူတွေ ဖြစ်တယ်၊ အဲဒီဆုံးရှုံးမှုတွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ၊ အစိုးရက ပြန်လျော်ပေးမှာလား၊ တိကျပြတ်သားတဲ့ ဥပဒေ ထွက်မလာရင်တော့ လူစုပြီး အစိုးရကို ဆန္ဒပြရလိမ့်မယ်လို့  ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ လူထုအသေးစားလုပ်ငန်းရှင်အဖွဲ့က ပြောသွားပါတယ်။

Photo Credit-Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013