DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသားများကို ထိုင်းက ED Visa ပိတ်ထားခြင်းမရှိ
DVB
·
May 14, 2024
မြန်မာအမျိုးသားများကို ထိုင်းက ED Visa ပိတ်ထားခြင်းမရှိ
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ကိုင်တဲ့ အမျိုးသားတွေကို ထိုင်းနိုင်ငံမှာ  ကျောင်းသားဗီဇာ (ED Visa-Language Program) ပိတ်ထားတာမရှိဘူးလို့ သက်ဆိုင်ရာ ထိုင်း တက္ကသိုလ်ကျောင်းတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ထိုင်းနိုင်ငံက တက္ကသိုလ်တွေနဲ့ ဘာသာစကားသင် language school တွေမှာ မြန်မာနိုင်ငံသားပတ်စ်ပို့ ကိုင်ဆောင်သူ အမျိုးသားတွေကို language program ed visa ကျောင်းသားဗီဇာ ED Visa ရပ်ဆိုင်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒီသတင်းဟာ မဟုတ်မှန်တဲ့အကြောင်း ချင်းမိုင်မြို့က မြန်မာကျောင်းသားတွေ အများအပြား တက်ရောက်ပညာသင်နေတဲ့ PAYAP တက္ကသိုလ်ကျောင်းက ဆရာမတဦးက DVB ကို ပြောပါတယ်။

“PAYAP တက္ကသိုလ်မှာတော့လေ ကျောင်းအပ်လက်ခံတဲ့နေရာမှာ လူမျိုးလည်းခွဲတာ မရှိပါဘူး၊ နောက်ပြီး ကျား၊ မ ခွဲခြားတာလည်းမရှိဘူး။ သူတို့အကုန်လုံးကို လက်ခံပါတယ်။ တခုပဲရှိတယ်၊ သူတို့ သတ်မှတ်ထားတဲ့ course တခုမှာ သတ်မှတ်ထားတဲ့ ဦးရေပြည့်သွားရင်တော့ ဘယ်နိုင်ငံကပဲ လာလာ၊ ဘာလူမျိုးပဲ ဖြစ်ဖြစ်၊ အမျိုးသမီး အမျိုးသားမခွဲ reject လုပ်တယ်လေ။ မြန်မာနိုင်ငံက ကျောင်းသားတွေကို ကျောင်းသားဗီဇာမပေးတော့ဘူးဆိုတဲ့ သတင်းက ကောလာဟလပါ၊ တကယ့်သတင်း မဟုတ်ပါဘူး။”

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က North Chiang Mai တက္ကသိုလ်ကလည်း မြန်မာကျောင်းသားတွေကို ဗီဇာရပ်ဆိုင်းထားတာ မဟုတ်မှန်ကြောင်း မေလ ၁၂ ရက်က သတင်းထုတ်ပြန်ထားပါသေးတယ်။

ဒါပေမဲ့ စည်းကမ်းမလိုက်နာတဲ့ ပုဂ္ဂလိက ဘာသာရပ်ဆိုင်ရာသင်တန်းကျောင်းတချို့ကိုတော့ ထိုင်းနိုင်ငံက လဝကတွေအနေနဲ့ ကြီးကြပ်နေတာမျိုးရှိတယ်လို့ ကျောင်းတွေကနေ စုံစမ်း သိရပါတယ်။

ကျောင်းတွေအနေနဲ့ကတော့ ပုံမှန်အတိုင်း ကျောင်းအပ်လက်ခံတာဖြစ်ပြီး ဗီဇာကိစ္စတွေမှာသာ ပြဿနာတချို့ရှိတာလို့ North Chiang Mai တက္ကသိုလ် အပါအဝင်တခြားသော ပုဂ္ဂလိက ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းတို့ရဲ့ ကျောင်းသားဗီဇာ ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတစ်ခုက ပြောပါတယ်။

“ကျောင်းက စာရွက်စာတမ်းကိစ္စတင် မဟုတ်ဘူး၊ လဝကမှာ ခံနေတဲ့ဟာ လဝက က ထုတ်ပေးချင်ရင် ရတယ်၊ မထုတ်ပေးချင်လည်း ရတယ်ဆိုတဲ့ဟာမျိုး ဖြစ်သွားတာ၊ ကျောင်းက လာအပ်ရင် စာရွက်စာတမ်းက ထုတ်ပေးလိုက်မှာပဲ၊ ဒါပေမဲ့ လဝက ရောက်လို့ ထုတ်ပေးမလား မထုတ်ပေးမလားဆိုတာ  သူ့အပေါ်မှာ မူတည်တယ် ၅၀/၅၀ ပေါ့။ လောလောဆယ်က လာအိုနဲ့ တခြားနေရာတွေမှာတော့ ဘာမှမကြားမိသေးဘူး၊ ဒါပေမဲ့ ပွဲစားတွေလည်း ရှိနေတာဆိုတော့ ရနိုင်ပါတယ်။”

လတ်တလော ချင်းမိုင်လဝကရုံးမှာတော့ ED အပါအဝင် တခြားသော ဗီဇာတွေကိုလည်း အကန့်အသတ်နဲ့သာ လုပ်ပေးနေလို့ ဝန်ထမ်းတွေဆီက စုံစမ်းသိရပြီး မြန်မာနိုင်ငံသားတွေကို သီးသန့် ဗီဇာပိတ်တဲ့ ကြေညာချက် တရားဝင်ထုတ်ပြန်ထားတာတော့ မရှိပါဘူး။  

အခုလို ‌အမျိုးသားတွေကိုပဲ သီးသန့်ရပ်ဆိုင်းတာက မြန်မာစစ်အစိုးရက ထိုင်းတာဝန်ရှိသူတွေကို တိုက်ရိုက် တောင်းဆိုထားတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ ဗီဇာဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီ တချို့က ပြောပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013