DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် မြန်မာဘက်က သယ်လာသည့် တရားမဝင် ရာဘာ ကီလိုဂရမ် ၅,၀၀၀ ကျော် ဖမ်းမိ
DVB
·
May 13, 2024
ရနောင်းတွင် မြန်မာဘက်က သယ်လာသည့် တရားမဝင် ရာဘာ ကီလိုဂရမ် ၅,၀၀၀ ကျော် ဖမ်းမိ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် တင်သွင်းလာတဲ့ ရာဘာပြား အလေးချိန် စုစုပေါင်း ကီလိုဂရမ် ၅,၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ရေကြောင်းလုံခြုံရေးတပ်ဖွဲ့၊ နယ်မြေခံစစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ မေ ၁၂ ရက် မနေ့ည ၉ နာရီလောက်က ဥပဒေမဲ့လုပ်ငန်းတွေကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးစဉ် မသင်္ကာဖွယ် စက်လှေတစီးဟာ ရနောင်းခရိုင် ခလောင်း လအွန်မြို့နယ်ကို ကမ်းကပ်လာပြီး လူတချို့က အထုပ်တွေကို ကမ်းပေါ်သယ်ပို့နေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ တဖက်နိုင်ငံက တရားမဝင် သယ်ဆောင်လာတဲ့ ရာဘာပြားတွေ ဖြစ်နေပြီး အလေးချိန် ၁,၀၀၀ ကီလိုဂရမ်ခန့်ရှိတယ်၊ ဒါနဲ့ပတ်သက်ပြီး ပစ္စည်းပိုင်ရှင် နိုင်းပီယဖုန်း အွန်ကျန်ကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ မရပ်နားဘဲ နယ်စပ်စစ်ဆေးရေး ဆက်လက်ဆောင်ရွက်ရာမှာ အဲဒီနေ့ ည ၁၀ နာရီကျော်လောက်မှာ မြန်မာဘက်ခြမ်း လမုကျွန်းကနေ ထိုင်းနိုင်ငံ ခလောင်း လအွန်မြို့ဘက်ကို ဦးတည်ခုတ်မောင်းလာတဲ့ စက်လှေတစ်စီးကို အဝေးကြည့်မှန်ပြောင်းမှ လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။

အဆိုပါစက်လှေဟာ ပန်ကယောက်ရပ်ကွက်ရှိ ကမ်းနားကို ဆိုက်ရောက်လာပြီး အထုပ်တွေကို ကမ်းပေါ်သယ်နေတာ တွေ့ရကာ တာဝန်ရှိသူတွေ အနီးရောက်သွားချိန်မှာတော့ ပစ္စည်းတွေသာ ကျန်ရစ်ပြီး လူတွေ မှောင်ရိပ်ခိုထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီကနေ  နောက်ထပ် တရားမဝင် ရာဘာချပ်ပြားအလေးချိန် ၁၀၀၀ ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဒီမတိုင်ခင် မေ ၁၁ ရက်ကလည်း ရနောင်းခရိုင်၊ ကရပူရီမြို့နယ် ပတ်ကျတ်ရပ်ကွက်ထဲရှိ အိမ်တအိမ်မှာ ရာဘာချပ်ပြားတွေ အမြောက်အမြားတွေ့ရှိကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တယ်။

အဲဒီနေအိမ်ကနေ ရာဘာပြားအလေးချိန် ၃၁၁၀ ကီလိုဂရမ်၊ မော်တော်ကား ၂ စီး၊ သေနတ် ၁ လက်နဲ့ စိတ်ကြွဆေးပြား ၇၁ ပြားကို သိမ်းဆည်းရမိတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  လူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေကာ သူတို့ဟာ အဲဒီရာဘာတွေက မြန်မာဘက်က သယ်လာပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းဘက် ဆက်လက်ပို့ဆောင်ဖို့ဖြစ်ကြောင်း ကနဦး ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။ 

အဲဒီရပ်ကွက်ထဲက နောက်ထပ်နေအိမ် ၁ လုံးမှာလည်း နစ်ဆန်ကား ၁ စီးပေါ် တင်ထားတဲ့ ရာဘာ ချပ်ပြား အလေးချိန် ၇၂၀ ကီလိုဂရမ်ကို တရားခံ ၁ ဦးနဲ့အတူ ထပ်မံဖမ်းဆီးရမိတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

ဒါကြောင့် ၂ ရက်အတွင်း မြန်မာဘက်က တရားမဝင်တင်သွင်းတဲ့ ရာဘာချပ်ပြား အလေးချိန် စုစုပေါင်း ၅၈၃၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo-God Reporter

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013