DVB Logo
Home
မြန်မာသတင်း
မုံရွာ ကျောက်ဆစ်ပုံ အမြောက်တပ်နှင့် ဆားတောင်ရဲစခန်း တိုက်ခိုက်ခံရ၊ မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရ
DVB
·
May 13, 2024
မုံရွာ ကျောက်ဆစ်ပုံ အမြောက်တပ်နှင့် ဆားတောင်ရဲစခန်း တိုက်ခိုက်ခံရ၊ မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံ အမြောက်တပ်ကို  မေ ၁၂ ရက်၊ မနက် ၁၀ နာရီခွဲလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADPRA) အဖွဲ့ထံက သိရပါတယ်။

ADPRA ရဲ့ တာဝန်ရှိသူတဦးက “၆၀ မမ ၆ လုံးနဲ့ ၁၂၀ မမ တလုံး ပစ်တာ၊ တပ်ဝင်းထဲက ဝန်ထမ်းအဆောင်တွေကို မှန်ပြီး ၈ ကောင်သေပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”လို့ ပြောပါတယ်။

ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို အိမ်စီးကားတွေနဲ့ တပ်တွင်းကနေ ခေါ်ထုတ်သွားပြီး မုံရွာဆေးရုံ ပို့ဆောင်လိုက်တယ်လို့လည်း ဆက်ပြောပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ PDF ရဲဘော်တဦးက “သူတို့ဘက်က တပ်ထဲကနေပြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်လေ။ ရမ်းသန်းပစ်တာဆိုတော့ ဘယ်ထိရောက်မလဲ။ ကျနော်တို့ရဲဘော်တွေ ဘေးကင်း ရန်ကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်ခဲ့ကြတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမေ့သားကျားသုံးဖော်-ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃ဝ၊ တပ်ခွဲ ၄၊ မြောက်လွင်ပြင် Local တပ်ပေါင်းစု-ယင်းမာပင်ခရိုင်တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာလည်း  ဆားတောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက  မေ ၁၂ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံး ၇ ကြိမ် ကြဲချတိုက်ခိုက်ခဲ့​တယ်လို့ Phoenix SGG အဖွဲ့ကနေ သိရပါတယ်။

Phoenix SGG တပ်ဖွဲ့တာဝန်ရှိသူတဦးက“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဒီကနေ့ (မေ ၁၂ ရက်) မနက်ပိုင်းမှာ ဆားတောင်ရဲစခန်းအတွင်းကို ဒရုန်းနဲ့ ဗုံး ၇ ကြိမ် ကြဲချတိုက်ခိုက်ခဲ့​ကြတာပါ။ ရခတွေဘက်က အသေအပျောက်နဲ့ ပျက်စီးတာတွေကိုတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။

ရဲစခန်းအတွင်းက ဗုံးကွဲသံတွေ ကြားရပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေက ရဲစခန်းအတွင်းကနေ ပြန်လည်ပစ်ခတ်တဲ့ သေနတ်သံတွေ ထပ်ကြားရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က သေနတ်တွေနဲ့ ရမ်းသန်းပြီး ပြန်ပစ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပကဖရဲဘော်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်၊ ပကဖ ဒရုန်းတပ်ဖွဲ့နဲ့ Phoenix SGG အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့​တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန် ၂၅ ရက်ကလည်း ဆားတောင်မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ စခန်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာတော့ လက်နက်ကိုင် ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းနဲ့ နောက်လိုက်ဖြစ်သူတို့ မေ ၁၀ ရက်၊ ညနေ ၆ နာရီခွဲလောက်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မျက်မြင်မြို့ခံတဦးက “သူတို့ ၂ ယောက်နဲ့ နောက်တယောက်က အမှတ် ၁၈ ရပ်ကွက်က ဘူးသီးလက်ဘက်ရည်ဆိုင်ရှေ့မှာ ရပ်ပြီး စကားပြောနေတုန်း ပစ်သွားတာ။ ရဲမင်းနဲ့ တယောက်ကတော့ နေရာမှာတင်သေတယ်။ နောက်တယောက်က ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

လက်နက်ကိုင် ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် အဓိက ဆောင်ရွက်ပေးနေသူတဦးဖြစ်ပြီး ပြည်သူတွေကို လက်နက်ပြပြီး အနိုင်ကျင့်နေတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူတဦး ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “ဒီကောင်က လက်နက်နဲ့ ပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်နေတာ ကြာပြီ။ အဲဒါကြောင့် ရှင်းလိုက်တာပါ။ ပြည်သူကို ဒုက္ခပေးတဲ့သူတွေ ဘယ်သူပဲဖြစ်ဖြစ် ဆက်လက်ရှင်းလင်းသွားမှာပါ” လို့ ​ပြောပါတယ်။

သေဆုံးသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းဆီကနေ MA 1 သေနတ်တလက်၊ ကျည်အတောင့် ၃၀၊  လက်ပစ်ဗုံးတလုံးနဲ့ ငွေသားတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force၊ ပြည်ချစ်သားတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

Photo - စစ်ကိုင်း ပကဖ/ADPRA/8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013