DVB Logo
Home
Lead Story
ပါဝါဖူးလ် (သရော်စာ) 
DVB
·
May 13, 2024
ပါဝါဖူးလ် (သရော်စာ) 
Donate to DVB

အကြွင်းမဲ့ပါဝါကို အကြွင်းမဲ့ယုံကြည်တဲ့ ပါဝါဖူးလ် အာဏာရူးဟာ အာဏာမဲ့တွေရဲ့ပါဝါကို အံ့ဩစပြုလာနေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ပါဝါဖူးလ်ဟာ အကြွင်းမဲ့ပါဝါကိုသုံးပြီး အာဏာမဲ့တွေအပေါ် ထင်သလို ဖိနှိပ်ညှဉ်းပန်း နှိပ်စက်တာကို မြိန်ရေရှက်ရေ လုပ်နေခဲ့ လုပ်နေဆဲပေါ့။ ဒါပေမဲ့ ကြွေတလှည့် ကြက်တခုန် ဆိုသလို သူ့လက်ထဲက ဒီပါဝါဟာ အချိန်မရွေး ဘဝပြောင်းသွားနိုင်တာကို သိတော့ ရင်က ပူ၊ စိတ်က အိုက်နဲ့ မလုံမခြုံ ရင်တုန် ပန်းတုန် ဖြစ်နေခဲ့တာလည်း လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပါပဲ။ အဲကွန်းလေး၊ လျှပ်စစ်မီးလေးမှ မရရင် ကျယ်ပြောခမ်းနားပြီး လုံခြုံရေးအထပ်ထပ်ချထားတဲ့ နေရာမှာ အခြွေအရံ အစောင့်အရှောက်နဲ့ နေရတာတောင် မှောင်မိုက်မှာ ချောင်ငိုက်ကာ ဆွေးရဘိသကဲ့သို့ ခံစားနေရတာကလား။

ဒီတလောမှာ ပိုဆိုးလာတာက သူ့ပါဝါနတ်နန်းရှိရာကို ခွင်းဒုံးတွေ အစင်းစင်း အုန်းခံလိုက်ရတာမျိုး၊ သူ့လက်ရုံးလည်းဖြစ် မိတ်ဘက်ရန်ဘော်လည်းဖြစ်သူပါ ဒဏ်ချက်ရာနဲ့ ခံချက်မသာ ဖြစ်သွားရတာမျိုး၊ သူတို့အတွေးထဲမှာ အလုံခြုံဆုံးလို့ ယူဆထားတဲ့ နေရာတွေမှာပါ ကျည်ပေါက်ရာ ဒရုန်းဖောက်ရာ ဒုံးရောက်ရာတွေ ဖြစ်လာတာမျိုး သို့ကလို သို့ကလို ကြုံလာရတာပါပဲ။ ဒီတော့ မနေ့တနေ့ကမှ အပျော်တမ်း လက်နက်ထမ်းတွေလို့ သူတို့ အထင်သေးခဲ့တဲ့သူတွေနဲ့ တသက်လုံး နိုင်အောင် မချနိုင်ခဲ့ရှာတဲ့ သူပုန်တွေပါလို့ လျှော့တွက်ခဲ့သူတွေရဲ့ ပါဝါအသစ်ကို တအံ့တဩ စဖြစ်ရတော့တာပေါ့။

ဒါပေမဲ့ မလုပ်ရဲတာရော မပြောရဲတာရော ဘာမှမရှိဆိုတဲ့ ရဲရဲတောက် ပါဝါဖူးလ်ဟာ မကြံရဲ ကြံရဲနဲ့ ပရိယာယ်သစ်တခုကို ကြံစည်ဆောင်ရွက်လာတော့တာပါပဲ။ အဲဒါကတော့ ‘ရွေ့လျားပါဝါထိန်း’ နည်းပညာပဲ ဖြစ်ပါတယ်။ ဒုံးတွေ ဒရုန်းတွေမှာ လိပ်စာအတိအကျ ပါတယ်လို့ ကြိမ်းသူက ကြိမ်းပြထားလေတော့ ဧည့်စာရင်းဥပဒေနဲ့ အကျုံးမဝင် ကင်းလွတ်ခွင့်ရနေသူပီပီ လိပ်စာအတည်တကျ မရှိရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံကို ပါဝါအဖြစ် အားယူလိုက်ပါတော့တယ်။

ဒီလိုနဲ့ ဘယ်သူ့ဘယ်သူကိုမှ မယုံကြည်ရဲတဲ့ သန္ဓေနဲ့ ဘယ်သူ့ဘယ်သူကိုမှ မယုံရတဲ့ အခြေအနေတွေကို ပိုင်ဆိုင်ထားတဲ့ ပါဝါဖူးလ်ဟာ ရွေ့လျားပါဝါရှင်အဖြစ် အခါတွင်းနဲ့ အခါလွန် ကာလတွေကို ဖြတ်သန်းဖို့ ပြင်ဆင်လိုက်ပါပြီ။ ခက်နေတာက အမှောင်နဲ့ အပူကို ကြောက်တတ်တဲ့ သူ့ဗီဇပါပဲ။ ဒီလို ပူပြင်းလွန်းတဲ့ရာသီမှာ ပါဝါဖူးလ်အတွက် ရွေ့လျားပါဝါကို ထူထောင်ဖို့ဆိုရင် လျှပ်စစ်ပါဝါက အခြေခံလိုအပ်ချက် ဖြစ်တော့သကိုး။ ဒီတော့ နဖူး၊ ဒူး၊ ခြေဦးများ တည့်လေရာ သူ ရွေ့လျားခိုလှုံရာ နေရာတိုင်းမှာ လျှပ်စစ်ပါဝါ လိုအပ်ချက်ကို အစွမ်းကုန် ဖြည့်ဆည်းပေးရေးဟာ သူ့လက်အောက်ငယ်ကျွန်များရဲ့ တာဝန်လည်းဖြစ်၊ ပါဝါအစွမ်းလည်း ဖြစ်လာပါတယ်။

ခက်တာက တဖက်မှာ ဖရဲသီးပါဝါရော ဇွတ်အမှောင်ချခံထားရတဲ့ သက်တမ်းရှည် ဖိနှိပ်ခံများရဲ့ တွက်ချက်တွေးဆပါဝါပါ အစွမ်းထက်လွန်းနေတာပါပဲ။ ဒီတော့လည်း ပါဝါဖူးလ်ကသာ တမြို့ တနေရာကနေ နောက်တမြို့ တနေရာကို နေ့စဉ်ရွှေ့ပြီး လိပ်စာဖျောက် ထိပ်တန်းလုံခြုံရေးစနစ်အဖြစ် ကျင့်သုံးနေပေမဲ့ လူထုကတော့ ရယ်တာပေါ့တဲ့။ ဘယ်မြို့ ဘယ်ရွာမှာ ဘယ်တုန်းကမှ မမှန်တဲ့ လျှပ်စစ်ပါဝါ မှန်မှန်လာနေသလဲ ဆိုတာကို အရပ်ဘက် လူထုစစ်တမ်းနဲ့ လေ့လာပြီး ပါဝါဖူးလ်ရဲ့ တည်ဆဲလိပ်စာကို တွေးဆနိုင်နေကျဆိုပဲ။ ဒီလို တွက်ချက်တွေးဆထားတာကို ဖရဲသီးပါဝါက အတည်ပြုပေးဆိုတော့ ပါဝါဖူးလ်ရဲ့ ‌ရွေ့လျားပါဝါမြေပုံကြီးဟာ မြန်မာသိ ထိပ်တန်းလျှို့ဝှက်ချက်ကြီးတောင် ဖြစ်လို့လာလေရဲ့။ လျှပ်စစ်ပါဝါကတောင် သူ့ပါဝါထက် အရေးကြီးနေကြောင်းလည်း သူကပဲ သက်သေပြနေပါပြီ။

ဒါကြောင့် ပြောတာပေါ့။ ပါဝါဆိုတာ တစုံတယောက် တစုတဖွဲ့က အကြွင်းမဲ့ချုပ်ကိုင်ထားလို့ ရရိုးမရှိ ဆိုတာလေ။ ပါဝါအကြီးဆုံး ကစားသမားဟာ အများလူထု ဆိုတာကို လက်သင့်မခံချင်လို့ ရချင်ရမယ်၊ မျက်ကွယ်ပြု အန်တုလို့ မရဘူးဆိုတာ ပါဝါဖူးလ်တယောက် ခံစားသိရှိစ ပြုပြီလို့ ဆိုရပါမယ်။ ဒါကြောင့်လည်း ပါဝါဖူးလ်ဟာ သူ ဒုက္ခပေးလို့ နေစရာ ပျောက်ခဲ့ရတဲ့ အာဏာမဲ့ လူထုတွေရဲ့ ခြေရာကို နင်းပြီး လိပ်စာအတည်မကျ ရွေ့လျားနေရတဲ့ ဘဝကိုပဲ ရွေးချယ်ရတော့မယ့်ပုံပါပဲ။ ဪ ပါဝါမပြည့်၊ မဖူးလ်(not) full တဲ့ ပါဝါ ဖူးလ် fool, အာဏာရူး။

မသီတာ-စမ်းချောင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013