DVB Logo
Home
မြန်မာသတင်း
စစ်ဆေးရုံများ၌ ဒဏ်ရာရ လူနာ များပြားသဖြင့် ပုဂ္ဂလိကဆေးရုံများတွင်ပါ ကုသပေးနေရ
DVB
·
May 13, 2024
စစ်ဆေးရုံများ၌ ဒဏ်ရာရ လူနာ များပြားသဖြင့် ပုဂ္ဂလိကဆေးရုံများတွင်ပါ ကုသပေးနေရ
Donate to DVB

စစ်ကောင်စီတပ်က ရှေ့တန်းထွက်တဲ့ အရာရှိ၊ စစ်သည်တွေ တိုက်ပွဲတွေမှာ ဒဏ်ရာရလူနာ များပြားလွန်းလို့ စစ်ဆေးရုံတွေနဲ့တင် မလုံလောက်တော့ ပြင်ပပုဂ္ဂလိက ဆေးရုံတွေမှာပါ ခွဲတမ်းပေးပြီး ဆေးကုသပေးနေရတယ်လို့  စစ်ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ အခုအချိန်အထိ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူ များပြားသလို ဒဏ်ရာရ အရာရှိစစ်သည်တွေဟာလည်း စစ်ဆေးရုံနဲ့ မဆံ့ဖြစ်ကာ ပြင်ပနဲ့ပုဂ္ဂလိက ဆေးရုံတွေမှာပါ ခွဲတမ်းပေးပြီး ကုသနေရတယ်လို့ နေပြည်တော်အခြေစိုက် စစ်တပ်အရာရှိတဦးက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးစကတည်းက ဆေးရုံမှာ ဝင်လာမစဲတသဲသဲပဲ၊ ခုတင် ၁၀၀၀ ဆေးရုံမှာ ခုတင် ၈၀၀ လောက်က အရာရှိစစ်သည်တွေ ခြေပြတ်၊ လက်ပြတ်တွေ များတယ်။ အရမ်းမစိုးရိမ်ရတဲ့ လူနာတွေဆို ပုဂ္ဂလိကဆေးရုံကို လွှဲပေးတယ်။ ခွဲတမ်းချပေးတယ်။”

စစ်ကောင်စီက တိုက်ပွဲမှာ ဒဏ်ရာရလူနာတွေကို လေယာဥ်နဲ့သွားရောက်ခေါ်ဆောင်ကာ နေပြည်တော် ခုတင် ၁၀၀၀ ကို ကနဦးပို့ဆောင်ပြီး နေပြည်တော်ကတဆင့် ရန်ကုန်အမှတ် ၁ နဲ့ ၂ စစ်ဆေးရုံကို လွှဲပေးတယ်လို့ မင်္ဂလာဒုံစစ်ဆေးရုံမှ အရာရှိတဦးက ပြောပါတယ်။

“ရန်ကုန်စစ်ဆေးရုံရောက်ရင် လူနာက အခြေအနေမကောင်းတော့ဘူး။ အမှန်က နေပြည်တော်မှာ ကုရမှာ သူတို့က လိုအပ်ချက်အရဆိုတဲ့ စကားတခွန်းနဲ့ ဘောလီဘောပုတ်တယ်။ မင်္ဂလာဒုံစစ်ဆေးရုံရောက်ရင် မကြာဘူး၊ လူနာက သေရော။ ရန်ကုန်ထဲက အမှတ် ၂ မှာရော မင်္ဂလာဒုံက အမှတ် ၁ မှာပါ လူနာတွေ ပြည့်နေတယ်။ ဒီမှာက အခြားအရာရှိစစ်သည်တွေလည်း ဆေးကုနေရတယ်။”

စစ်ဆေးရုံတွေမှာ ဒဏ်ရာရအရာရှိ၊ စစ်သည်တွေအတွက် ခုတင်နဲ့ ဆေးပစ္စည်း မလောက်ငမှုတို့ ကြောင့် ငွေကြေးတတ်နိုင်သူတွေဟာ ပုဂ္ဂိလဆေးရုံတွေမှာ စစ်တပ်ထောက်ခံချက်နဲ့အတူ အရပ်သားအသွင်နဲ့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း  တပ်မိသားစုဝင်တဦးက ပြောပါတယ်။

“ရန်ကုန်မှာ ပန်းလှိုင်၊ ကန်သာယာ၊ ပင်လုံ စတဲ့ဆေးရုံတွေမှာ ကုကြတယ်။ အရပ်သားအနေနဲ့ တပ်ရင်းမှူးတွေ၊ ဗိုလ်မှူးတွေ များတယ်။ အခြားအဆင့်ကတော့ စစ်ဆေးရုံမှာပဲ ကုရတယ်။ ပိုက်ဆံမှ မတတ်နိုင်တာ။”

နောက်ပိုင်းမှာ ရှမ်း နဲ့ကချင် တိုက်ပွဲတွေမှာ ဒဏ်ရာရလာတဲ့ အရာရှိ၊ စစ်သည်တွေကို မြစ်ကြီးနား စစ်ဆေးရုံနဲ့ ပြင်ဦးလွင် ခုတင် ၇၀၀ ကိုပို့ဖို့ ပြောင်းလဲအမိန့်ထုတ်ရတဲ့အဆင့်အထိ ဖြစ်ခဲ့တယ်လို့ ပြင်ဦးလွင်စစ်ဆေးရုံနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရှေ့တန်းကို စစ်မြေပြင်ဆေးတပ်ရင်းရော ဆေးတပ်ဖွဲ့ရော ပါသွားတယ်။ သူတို့လည်း သေတာတွေ ဒဏ်ရာရတာတွေရှိတော့ ရှေတန်းထွက်တဲ့သူတွေကို မကုနိုင်ဘူး ဖြစ်နေတယ်။ ပြင်ဦးလွင် ခုတင် ၇၀၀ နဲ့ မလောက်လို့ တပ်တွင်းဆေးခန်းတွေမှာ ကုပေးရတဲ့အနေအထားအထိ ဖြစ်လာတယ်။”

ပဲခူးတိုင်းအတွင်းရှိ တိုက်ပွဲတွေမှာ ဒဏ်ရာရအရာရှိ၊ စစ်သည်တွေကို တောင်ငူစစ်ဆေးရုံ၊ မန္တလေးတိုင်းအတွင်းမှာတော့ နန်းတွင်း စစ်ဆေးရုံနဲ့ မိတ္ထီလာ ခုတင် ၅၀၀ စစ်ဆေးရုံတွေမှာ ဆေးကုသမှုခံနေရပါတယ်။

ရှမ်းမြောက်၊ ကရင်နီ၊ ကချင်၊ ချင်း ၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရတဲ့ အရာရှိ၊ စစ်သည်စာရင်းကို စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန် ကြေညာတာမရှိပေမဲ့ သေဆုံးဒဏ်ရာရသူ သောင်းနဲ့ ချီရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013