DVB Logo
Home
မြန်မာသတင်း
ဘီးလင်း ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ရထားစီးနင်းသူ ပိုများလာ
DVB
·
May 12, 2024
ဘီးလင်း ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ရထားစီးနင်းသူ ပိုများလာ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနားမှာရှိတဲ့ ကျုံအိတ်တံတား မိုင်းခွဲ ဖျက်ဆီးခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်း အသုံးပြုလို့ မရတော့တာကြောင့် ရထားစီးနင်းသူ ပိုများလာတယ်လို့ မီးရထားဝန်ထမ်း‌တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အရင်က ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်မှာ ခုံတဝက်လောက်ပဲ စီနင်းလိုက်ပါသူ ရှိပေမယ့် ကျုံအိတ်တံတား အချိုးခံရ‌ပြီးနောက် ကားလမ်း အသုံးပြုလို့ မရတော့တာကြောင့် မီးရထားကိုပဲ ရွေးချယ် အသုံးပြုလာတဲ့အတွက် ဒီနေ့ထွက်တဲ့ ရထားလက်မှတ်တွေအပြင် ကြိုတင် လက်မှတ်တွေလည်း အကုန်ရောင်းချပြီးဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက မီးရထားဝန်ထမ်း တယောက်က ပြောပါတယ်။

“မနေ့ကရော ဒီနေ့ရော လူအပြည့်ပဲ။ ခုံတခုံတောင်မလွတ်ဘူး။ ကြိုတင်လက်မှတ်တွေကလည်း အကုန် ရောင်းထွက်သွားတဲ့အပြင် အဲဒီနောက်နေ့မှာလည်း စာရင်းပေးထားတာလည်း ၁ ပတ်စာလောက် ရှိနေတယ်။ တံတားကျိုးသွားတာကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း သုံးလို့မရတော့လို့ ရထားပဲရှိတော့လို့ ပိုပြီးစီးလာတာပါ” လို့ ပြောပါတယ်။

မီးရထားစီးနင်းသူ များပြားလာတာကြောင့် အခုရက်ပိုင်းအတွင်း အထူးရထားပြေးဆွဲဖို့ လူကြီးပိုင်းတွေ စီစဉ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ခရီးသွားတယောက်ကတော့ မီးရထားလက်မှတ်တွေကို လက်မှတ်အရောင်းဌာနမှာ ဝယ်လို့မရတော့ဘဲ မှောင်ခိုပဲဝယ်လို့ရတော့တာကြောင့် ပုံမှန်ထက် ၄ ဆနီးပါး ဈေးကြီးပေးဝယ်နေရတယ်လို့ ပြောပါတယ်။

“တံတားစကျိုးတဲ့ မနက်အစောကြီးကပဲ ရထားလက်မှတ်သွားဝယ်တာ မရတော့ဘူး။ မှောင်ခိုပဲရတော့ ဝယ်ခဲ့တာ ၄၀၀၀ လောက်ဟာ ၁ သောင်းခွဲလောက် ပေါက်နေတာ။ မီးရထားရဲတွေကလည်း ခုံမရဘဲ လိုက်နိုင်တဲ့သူတွေကို ပိုက်ဆံယူပြီးတင်နေတော့ ရထားတခုလုံးက ပိတ်သိပ်နေတာပဲ” လို့ ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ပိတ်မိနေတဲ့ ကားထောင်ချီနဲ့ ခရီးသွားတွေဟာ နောက်ကြောင်းပြန်လှည့်တာ၊ ရထားနဲ့ ခရီးဆက်လက် ထွက်ခွာခဲ့ရတဲ့သူတွေ ရှိသလို လက်မှတ်မရသူတွေကလည်း နီးစပ်ရာ စားသောက်ဆိုင်တွေမှာ တညအိပ်ခဲ့ပါတယ်။

ကျုံးအိတ်တံတား မိုင်းခွဲခံရပြီးနောက် ကျေးရွာချင်းဆက်လမ်းတွေေကနေ ကားအသွားအလာ အနည်းငယ်ရှိသော်ပေမဲ့ လမ်းကျဉ်းတာကြောင့်  ကားသေးတွေပဲ ဖြတ်သန်းသွားလာလို့ရပြီး ခရီးသည်ကားတွေနနဲ့ ကုန်ကားတွေ ဖြတ်သန်းလို့ မရဘူးလို့ ကားသမားတယောက်က ဆိုပါတယ်။

မိုင်းခွဲခံရတာကြောင့် ကျုံအိတ်တံတား ပျက်စီးသွားပြီး ကုန်စည်စီးဆင်းမှုရပ်တန့်သွားတာကြောင့် သထုံနဲ့မော်လမြိုင်မှာ စက်သုံးဆီပြတ်လတ်ပြီး ဆီဆိုင်တွေအရောင်းပိတ်ထားသလို ကျိုက်ထို၊ ဘီးလင်းဘက်မှာလည်း မြဝတီကုန်ပစ္စည်းတွေ ဈေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး သထုံခရိုင် PDF တာဝန်ခံကို ဒီဗွီဘီက ဆက်သွယ်ပြီး မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013