DVB Logo
Home
မြန်မာသတင်း
ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်၊ မတ္တရာစစ်စခန်းတခုကို MDYPDF သိမ်းပိုက်
DVB
·
May 10, 2024
ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်၊ မတ္တရာစစ်စခန်းတခုကို MDYPDF သိမ်းပိုက်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်က ဧလာလေတပ်စခန်းကို ဒီကနေ့ မေ ၁၀ ရက် မနက် ၄ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ကနေ သိရပါတယ်။

Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ တာဝန်ရှိသူက “ဧလာလေတပ်စခန်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်တယ်။ ပစ်မှတ်ကို ၇ လုံးထိတယ်ဗျာ။ ထိခိုက်မှု ပြင်းထန်နိုင်တယ်။ ထိခိုက်ပျက်စီးတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စုံစမ်းနေတုန်းပဲ ရှိသေးလို့ပါ” လို့ ပြောပါတယ်။

ဧလာလေတပ်စခန်းကို အခုတကြိမ် ပစ်ခတ်တိုက်ခိုက်မှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ အခုတိုက်ခိုက်ခံရမှုအပေါ် တစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

“စကစက လေကြောင်းတိုက်ခိုက်မှုကို အရင်ကထက် ပိုသုံးလာတဲ့အပြင် ဓာတုဗုံးနဲ့ အဆိပ်ဗုံးတွေကိုပါ ထည့်သွင်းအသုံးပြုလာလို့ လက်တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်တာပါ။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်ပျက်စီးသွားရင် နွေဦးတော်လှန်ရေး အောင်ပွဲရပြီဗျာ” လို့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံခန့်ခွဲ့မှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့နဲ့ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မေ ၁၀ ရက် မနက်ပိုင်းမှာ MDY PDF က သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတဦး အပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ပါတယ်။

တောင်တံငါကျေးရွာက စစ်ကောင်စီတပ်စခန်းကို မေ ၁၀ ရက် မနက် ၅ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ပြီး မနက် ၅ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

“ကျနော်တို့ တောင်တံငါစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ရန်သူ့ဘက်က စစ်သားတွေ ကစဥ့်ကလျား ထွက်ပြေးကြတာ ရှိပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ဗိုလ်ကြီး ကိုင်ဆောင်တဲ့ ပစ္စတိုကလည်း ကလေးကစားတဲ့ ကော်သေနတ်ပါ။”

တောင်တံငါကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် Drone Jammer တလက်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတဦး အပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး MDY PDF မှ ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တောင်တံငါကျေးရွာ စစ်​ကောင်စီတပ်စခန်းက ပြည်သူတွေဆီကနေ ငွေကြေးအဓမ္မတောင်းခံနေတဲ့ စစ်ဆေးရေးဂိတ် ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013