DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းစစ် ရုပ်သံသတင်းဖြင့် Sky News သတင်းဌာန ဆုရ
DVB
·
May 10, 2024
မြန်မာပြည်တွင်းစစ် ရုပ်သံသတင်းဖြင့် Sky News သတင်းဌာန ဆုရ
Donate to DVB

ယူကေအခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့  ၂၀၂၄ ခုနှစ်အတွက်  သတင်းမီဒီယာဆုတွေကို ကြေညာရာမှာ မြန်မာပြည်တွင်း စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ခုခံစစ်ပွဲရဲ့ သရုပ်သကန်ကို ထဲထဲဝင်ဝင် သတင်းတင်ဆက်ခဲ့တဲ့ Sky News က ရုပ်သံကဏ္ဍ အတွက် ဆုရရှိခဲ့ပါတယ်။

ဒီဆုကတော့ ယူကေနိုင်ငံက အကောင်းဆုံး လူ့အခွင့်အရေး ဂျာနယ်လစ်ဇင်အတွက် ဂုဏ်ပြုတဲ့ ထူးထူးခြားခြား ဆုတွေဖြစ်ပြီး ရုပ်သံ၊ သတင်းဆောင်းပါး၊ သတင်းဓာတ်ပုံ၊ ရေဒီယိုနဲ့ ပေါ့ကတ်စ်၊ အစရှိတဲ့ ကဏ္ဍ ၁၀ ခုခွဲပြီး ရွေးချယ်ချီးမြှင့်တာဖြစ်ကာ မီဒီယာ လုပ်ငန်းရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုတဲ့အနေနဲ့ သူတို့ရဲ့ "မကြာခဏ အန္တရာယ်ရှိတဲ့အလုပ်" ကို ဂုဏ်ပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

Sky News သတင်းဌာနရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်းဆေးနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက တိုင်းရင်းသားဒေသ တော်လှန်ရေးအင်အားစုတွေရဲ့ တောတွင်း ဆေးရုံတရုံဆီ အရောက် သွားခဲကာ စစ်ပွဲရဲ့ ထိခိုက်သက်ရောက်မှုတွေကို တလကြာ နေထိုင်ပြီး မျက်မြင် သတင်းယူခဲ့တာ ဖြစ်ပါတယ်။

ရမ်ဆေးက “မြန်မာပြည်တွင်း တောထဲမှာ ကျနော်တို့ အိမ်လို ၁ လလောက်နေထိုင်ပြီးတော့ ပြင်ပကမ္ဘာကလူတွေ မျက်မြင်တွေ့ရှိဖို့ ခက်ခဲတဲ့ စစ်ပွဲအကြောင်းအရာကို သ တင်းရရယူခဲ့ကြတာပါ။ ကျနော်တို့အလုပ်က လေကြောင်းကရော မြေပြင်ကပါ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ထောင်ပေါင်းများစွာသော အရပ်သားတွေ သူတို့ရဲ့ နေအိမ်တွေက စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေတွေနဲ့အတူ မြန်မာစစ်အုပ်စုက ငြင်းဆိုထားတဲ့ ပဋိပက္ခတခုရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းပြီး မှတ်တမ်းတင် တာပါပဲ” လို့ပြောပါတယ်။

အခုနှစ် ၂၀၂၄ ခုနှစ်အတွက် Media Awards 2024  ဆုရရှိသူတွေကို လန်ဒန်မြို့မှာ လူရွှင်တော်၊ အစီအစဉ်တင်ဆက်သူနဲ့ နိုင်ငံရေးဝေဖန်သုံးသပ်သူ နစ်ရှ်ကူးမားက ကြေညာပေးခဲ့ပြီး ဒီဆုပေးပွဲဟာ ၃၂ ကြိမ်မြောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဆုပေးပွဲမှာတော့ အမျိုးအစား၁၀ ခုပါဝင်ပြီး ယူကေအခြေစိုက် မီဒီယာအားလုံးအတွက် ဖွင့်လှစ်ပေးထားတာဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အတွင်းထုတ် လွှင့်တင်ဆက်မှုတွေအပေါ် အကဲဖြတ်ရွေးချယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေအခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့  အမှုဆောင် အရာရှိချုပ် ဆာရှာ ဒက်ရှ်မွတ်ခ်က ““ဒီနှစ်ဖြစ်ရပ်တွေက သတင်းသမားတွေနဲ့ မီဒီယာ သမားတွေကို အာဏာလွှဲပေးဖို့ အမှန်တရားကိုပြောလို့ ခြိမ်းခြောက်၊ တရားစွဲခံရပြီး သတ်ဖြတ်တာတွေတောင် ဆက်ဖြစ်နေတယ်ဆိုတဲ့ ပြင်းထန်တဲ့ သတိပေးချက် တခုပါပဲ။ အမှန်အတိုင်းပြောတဲ့ တင်ဆက်တဲ့ သတင်းသမားတယောက်အတွက် ဘယ်နေရာမှ အ မှန်တကယ် မလုံခြုံကြောင်း ထင်ရှားနေပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်း လွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်မှုတွေကြားထဲမှာတော့ ဒီနေ့ညရဲ့ Media Awards ဆုရရှိသူတွေနဲ့ ဆန်ကာတင်စာရင်းဝင်တွေဟာ နှုတ်ဆိတ်နေမှာမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ပါတယ်။ သူတို့ရဲ့ မပျင်းမရိကြိုးစားမှုတွေက ကမ္ဘာကို တကယ်အကျိုး သက်ရောက်စေပြီး ရဲရင့်တဲ့မီဒီယာသမားတွေက အသံမရှိတဲ့ မထွက်နိုင်တဲ့သူတွေရဲ့ ဇာတ်လမ်းတွေကို ဆက်လက်မှတ်တမ်းတင်၊ စုံစမ်းပြီး မျှဝေမယ်ဆိုရင် အပြောင်းအလဲ ဖြစ်လာမှာပါ” လို့ပြောပါတယ်။

Photo Credit-AI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013