DVB Logo
Home
မြန်မာသတင်း
လောင်းလုံး စရဖ၊ ရဲစခန်းတို့ကို PDF ပူးပေါင်းတပ်တိုက်ခိုက်၊ ကဇူး-ဒဘတ်ချောင်းကူးတံတားကို စစ်တပ်က ဖောက်ခွဲ
DVB
·
May 9, 2024
လောင်းလုံး စရဖ၊ ရဲစခန်းတို့ကို PDF ပူးပေါင်းတပ်တိုက်ခိုက်၊ ကဇူး-ဒဘတ်ချောင်းကူးတံတားကို စစ်တပ်က ဖောက်ခွဲ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စရဖ ရုံး၊ ရဲစခန်း၊ လက်ခပ်တောင် တာဝါတိုင်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေ ၉ ရက် ဒီနေ့မနက် ၆ နာရီခွဲလောက်က စတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရေကြောင်းကပါ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဒီနေ့ မွန်းတည့်  ၁၂ နာရီကျော်အထိ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စစ်တပ်ဘက်က လေယာဉ်ပျံနဲ့ ဗုံး ၂ လုံး ချသွားပြီး ရေကြောင်းမှလည်း ပစ်ကူနေပါတယ်။ စမ်းလှမ်းရွာက ရေကြောင်းပစ်ကူကြောင့် နေအိမ်တလုံး ပျက်စီးသွားပါတယ်။ လူထိခိုက်မှုတော့ မသိရသေးဘူး။” 

တိုက်ပွဲကြောင့် လောင်းလုံးမြို့က ကျေးရွာအတော်တော်များများက ဒေသခံ ထောင်ချီ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေရပြီး  လက်တလောမှာ အစားစာနဲ့ရေ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံနောက်တဦးက “စစ်ပြဲ၊ ညင်းမော်၊ သူတို့ ၂ ရွာထိက ပြေးနေရတာပါ။ တိုက်ပွဲတော့ မပြီးသေးဘူး ခင်ဗျာ။ ခုထိ လက်နက်ငယ်သံကြားနေရပါတယ်။ ရဲစခန်းမှာ လက်နက်ကြီးရှိလို့ အရင်ကလည်း သူတို့ ထိနာရင် မဲပစ်နေတာ။” 

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေအား  စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မေ ၈ ရက်၊ မနက် ၈ နာရီ ကျော်ကလည်း တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၇ ဦးသေဆုံးပြီး ၂၀ ကျော် ဖမ်းမိခဲ့သလို လက်နက် ၂၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ၂ ဦး ကျဆုံး၊ ၆ ဦး (မစိုးရိမ်ရ) ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ကိုဂျူပီတာက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာအုပ်စု၊ မြစ်ကြီးနား - ဗန်းမော် လမ်းမပေါ်က ကဇူး-ဒဘတ် ချောင်းကူးတံတားကို မေ ၈ ရက် ည ၈ နာရီ ဝန်းကျင်မှာ စစ်တပ်က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“ဒဘတ်ချောင်းတံတား မနေ့ည ၈ နာရီလောက်က ဖောက်ခွဲလိုက်ကြတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ ပျဉ်ပြားနဲ့ ခင်းပြီး ပြန်သွားလာလို့တော့ ရမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကဇူး-ဒဘတ် ချောင်းကူးတံတားဟာ မြစ်ကြီးနား - ဗန်းမော် လမ်းမပေါ်က အရေးပါတဲ့ ကွန်ကရစ်တံတားကြီးဖြစ်ပြီး ဖောက်ခွဲခံရတဲ့နေရာမှာ ၁ ပေ ဝန်းကျင်ခန့် တံတားရဲ့ ကန့်လန့်ဖြတ် ပေါက်ပြဲပျက်စီးသွားကာ ဘေးပေါင်နှစ်ဖက်လည်း နည်းနည်းပေါက်ပြဲပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

“ကဇူး စစ်ကောင်စီတပ်က အခု နေမထိထိုင်မသာ ဖြစ်ပြီးတော့ နေရမလို၊ ထွက်ပြေးရမလို၊ ထရမလို၊ ထိုင်ရမလို ဖြစ်နေကြတာ။ သူတို့ စိတ်တွေ ကစဉ့်ကလျားဖြစ်ပြီး ဖောက်ခွဲနေတာ။ မနေတတ်တော့ဘူး။ ကြောက်လာလို့ ထွက်ပြေးဖို့ အကြောင်းရှာနေတာ” လို့ ‌KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော် - မြစ်ကြီးနား လမ်းမကြီးပေါ်မှာတော့ ရွှေညောင်ပင်နားက စစ်ကောင်စီရဲ့ ၃၂၁ တပ်စခန်းကြီး ရှိသေးတယ်လို့ သူက ပြောပါတယ်။ 

မေ ၅ ရက်က ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတော်လှန်‌‌ရေးတပ်ဖွဲ့တွေဟာ ကဇူး‌ရွာအနီးက ငကျန် စစ်ကောင်စီတပ်စခန်းနဲ့ ကာကင်းတချို့ကို သိမ်းပိုက်ခဲ့ပြီး မေ ၇ ရက်ကလည်း ဝိုင်းမော်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ 

photo-ဒေသကာကွယ်ရေး ဒေသခံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013