DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးမည့်သတင်းကြောင့် မူဆယ်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူများ ထွက်ပြေးနေရာရွှေ့
DVB
·
May 8, 2024
ဖမ်းဆီးမည့်သတင်းကြောင့် မူဆယ်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူများ ထွက်ပြေးနေရာရွှေ့
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူတွေကို ဖမ်းဆီးမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် မေ ၇ ရက်ည ၁၀ နာရီကျော်ခန့်ကစ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်နေသူတွေ ထွက်ပြေးနေရာရွှေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျားဖြန့် အွန်လိုင်း ငွေလိမ်ကုမ္ပဏီတွေ ဝင်ဖမ်းမယ်ဆိုလို့ တရုတ်နယ်စပ်ဂိတ်ပေါက်နားဘက် လမ်းပေါ်တွေမှာ ကောင်လေးတွေရော၊ ကောင်မလေးတွေရော ငယ်ငယ်လေးတွေ အများကြီးပဲ၊ မနေ့ မေ ၇ ရက်ညက ထွက်ပြေးနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မူဆယ်မှ ယောကျ်ားလေးတဦးက တရုတ် TikTok ပေါ် အွန်လိုင်း ငွေလိမ်ကုမ္ပဏီမှာ အလုပ်လုပ် နေတဲ့သူတွေ ထွက်ပြေးနိုင်ရင် မြန်မြန်ထွက်ပြေးကြဖို့ တိုက်တွန်းနေတယ်လို့ နယ်စပ်ဒေသခံ မိန်းကလေးတဦးက ပြောပါတယ်။

WeChat မှာ ပျံ့နေတဲ့ ဗွီဒီယိုဖိုင်တခုမှာတော့ ကားသမားတယောက်က ကားငှားမလားလို့ မေးတာကို မိန်းကလေးတယောက်က "ကျမ ထွက်ပြေးရတော့မယ်" ဆိုပြီး ပြန်ပြောနေတာကို တွေ့ရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “တရုတ် အစိုးရကို ဟန်ပြလုပ်ပြတာထင်တယ်။ ငွေပေးပြီး လုပ်စားတဲ့ သူတွေက လုပ်စား၊ ထွက်ပြေးတဲ့သူတွေကလည်း ထွက်ပြေးပေါ့” လို့ ပြောပါတယ်။

မူဆယ်မှာတော့ နာမည်ကြီး အွန်လိုင်းငွေလိမ်ကုမ္ပဏီနေရာတွေဖြစ်ကြတဲ့ မင်္ဂလာမူဆယ်က ၉ ထပ်တိုက် နဲ့ ဧက ၄၀ ခြံဝင်းတွေအပြင် မူဆယ်မြို့ နေရာ အနှံ့အပြားမှာ ငွေလိမ်ကုမ္ပဏီအကြီး၊ အသေး အများအပြားရှိပြီး တချို့က ရပ်ကွက်ထဲ လုံးချင်း အိမ်တွေငှားယူကာ ခြေရာဖျောက်ပြီး လျှို့ဝှက်စွာ ဖွင့်နေကြတယ်လို့ လူငယ်တဦးက ပြောပါတယ်။

မူဆယ်မှာ ငွေလိမ်ကုမ္ပဏီတွေ ဝင်ဖမ်းတော့မယ်ဆိုရင် သတင်းကြိုတင်ပေါက်ကြားပြီး ကြိုတင်ထွက်ပြေးရှောင်ထားကြကာ သုံးလေးရက်နေရင် ပြန်ဖွင့်နေကျ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်က အွန်လိုင်းငွေလိမ် ကုမ္ပဏီတွေနဲ့ KTV၊ Bar တွေ အားလုံးကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက အဓိက လုံခြုံရေးယူပေးထားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း မူဆယ်နယ်စပ်မြို့က အွန်လိုင်းငွေလိမ် အယောက် ၈၀၀ ကျော်ကို တရုတ် နဲ့ မြန်မာ  ရဲတွေ ပူးပေါင်းဖမ်းဆီးပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို တရုတ်ဘက်လွှဲပြောင်းပို့ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစ တရုတ် - မြန်မာနယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ၂ နှစ်နိုင်ငံ ပူးပေါင်းဖြိုခွင်းနေပြီး အွန်လိုင်း ငွေလိမ်ကျူးလွန် သံသယရှိသူ တရုတ်နိုင်ငံသား ၄ သောင်းကျော်  လွှဲပြောင်းပေးခဲ့ကြောင်း နှစ်နိုင်ငံ သတင်း အချက်အလက်တွေအရ သိရပါတယ်။ လက်ရှိမှာတော့ မူဆယ်နယ်စပ်မှာ အွန်လိုင်းငွေလိမ်လည်မှု ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013