DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းတွင် ပစ်ချခံရသည့် စစ်ရဟတ်ယာဉ်နေရာ၌ ကရင်နီတပ်ဖွဲ့များ နယ်မြေရှင်း
DVB
·
May 8, 2024
ဖားဆောင်းတွင် ပစ်ချခံရသည့် စစ်ရဟတ်ယာဉ်နေရာ၌ ကရင်နီတပ်ဖွဲ့များ နယ်မြေရှင်း
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ချခံရတဲ့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးကို မြေပြင်ရှင်းလင်းရေးလုပ်ဖို့ ကရင်နီတော်လှန်ရေးတပ်တွေက ကြိုးစားနေပါတယ်။

၂၀၂၄ ခုနှစ်ထဲ စစ်ကောင်စီရဲ့ သယ်ပို့ရဟတ်ယာဉ် ၃ စင်း အထိ တော်လှန်ရေးတပ်တွေရဲ့ ပစ်ချခံရပြီး မေ ၆ ရက်မှာ ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ဟာ MI-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ဖြစ်တယ်လို့  စစ်လက်နက် လေ့လာသူတွေက အတည်ပြုပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့လည်း ဧပြီ ၈ ရက် အထိ မြေပြင်ကို ရှင်းလင်းရေးလုပ်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က DVB ကို ပြောပါတယ်။

ဖားဆောင်းမြို့မှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေက ကြိုးစားနေရာမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ကို လက်နက်နဲ့ ရိက္ခာအကူလာပို့တဲ့ MI-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဟာ မေ ၆ ရက်က ပစ်ချခံခဲ့ရတာဖြစ်ပြီး ဖားဆောင်းနဲ့ ဘော်လခဲမြို့နယ်အကြားမှာ ပျက်ကျသွားခဲ့တာပါ။

ရဟတ်ယာဉ်ပျက်ကျပြီးတဲ့နောက် သေဆုံးသွားတဲ့  စစ်ကောင်စီတပ်သားတွေကို တခြား ရဟတ်ယာဉ်တစ်စင်းနဲ့ ပြန်လာသယ်သွားတယ်လို့လည်း  သိရပါတယ်။

ရဟတ်ယာဉ် ပျက်ကျရာနေရာအနီးမှာ စစ်ကောင်စီတပ်စခန်းတခုရှိနေပြီး ဒရုန်းတွေနဲ့လည်း ပြန်လည်တိုက်ခိုက်နေတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ မြေပြင်ရှင်းလင်းရေး အပြည့်အဝ မလုပ်နိုင်သေးဘူးလို့  ဗိုလ်မှူးကြီးဘုန်းနိုင်က DVBကို ပြောပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်က “ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းမှုအများကြီး မလုပ်နိုင်သေးဘူး။ အနီးအနားမှာပဲ လုပ်နိုင်သေးတယ်။ ပျက်ကျတဲ့နေရာက စစ်တပ်စခန်းနဲ့နီးတော့ ရှင်းလင်းဖို့ အခက်အခဲ ဖြစ်နေသေးတယ်။ စကစ ဘက်ကလည်း ဒရုန်းတွေ လွှတ်ထားတာရှိတယ်။ ပျက်ကျပြီးနောက်ပိုင်း ရဟတ်ယာဉ် တစင်းလာပြီး သေသွားတဲ့ အလောင်းတွေကို သယ်သွားတယ်။ ဘော်လခဲက စခန်းကို။ မြေပြင်အနေအထားက ဆက်ရှင်းဖို့ မလုပ်နိုင်သေးဘူးပေါ့” လို့ ပြောပါတယ်။

ပျက်ကျသွားတဲ့ စစ်ရဟတ်ယာဉ်ကို တိုက်ဆိုင်စစ်ဆေးမှုအရ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်ကြောင်း စစ်လက်နက်လေ့လာသူ Tactical Raptor က ပြောပါတယ်။

စစ်ကောင်စီဟာ  Mi-17 ရဟတ်ယာဉ်တွေကို ပင်မသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အဖြစ် အသုံးပြုနေပြီး ရှေ့တန်းတွေကို ရိက္ခာ၊ လူနဲ့ လက်နက်ပို့တာတွေ လုပ်နေပါတယ်။ 

စစ်ကောင်စီမှာ  Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်  ၁၆ စီးဝန်းကျင်ရှိနေပြီး ၈ စီး ဝန်းကျင်နဲ့ ရိက္ခာသယ်ပို့တာ၊ စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာတွေ လုပ်နေတယ်လို့ လေတပ်အရာရှိတွေက သုံးသပ်ထားတာတွေလည်း  ရှိပါတယ်။

Tactical Raptor စစ်လက်နက်လေ့လာသူက “ကရင်နီမှာ Medevac (ဒဏ်ရာရလူနာတင်) လုပ်ရင်း ပစ်ချခံရတဲ့ ရဟတ်ယာဉ်က Mi-17 တစီး ဖြစ်ပါတယ်။ ခပ်နိမ့်နိမ့်၊ ခပ်နှေးနှေး ပျံနေတဲ့ Mi-17 တစင်းကို ပွိုင့်ဖိုက်စက်သေနတ်ကြီးတွေနဲ့ ပစ်နေတဲ့ ဗီဒီယိုအချို့ရှိတယ်။ ဗီဒီယိုထဲမှာ ပျက်ကျတာအထိ မမြင်ရပေမဲ့ ရဟတ်ယာဉ်‌က‌ တော်တော်နှေးနေတာကြောင့် ထိချက်ကောင်းမယ်လို့ ယူဆနိုင်တယ်။ ပျက်ကျထားတဲ့နေရာကို ရိုက်ကူးထားတဲ့ ဒရုန်း ဗီဒီယိုအရ ID လုပ်နိုင်စရာ main rotor (ရဟတ်ဒလက်) ကိုပဲ တွေ့ရတယ်။ Main rotor ပုံက ဒလက် 5 ခုပါ Mi-17 နဲ့ တူညီမှုရှိတယ်။ February တုန်းက AA Info Desk ကနေ ပျက်ကျထားတဲ့ Mi-17 က ပုံတွေကို ပြန်ကြည့်ရင်လည်း main rotor တည်ဆောက်ပုံက ယခု ကရင်နီမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ်ရဲ့ main rotor ပုံစံနဲ့ တူညီမှုရှိတယ်။ ကရင်နီမှာ လေယာဉ်ပစ်ဖို့ အထိရောက်နိုင်ဆုံး လက်နက်တွေက 0.5 စက်သေနတ်ကြီးတွေပဲ ရှိဦးမှာပါ။ 0.5 တွေက အရှိန်မြန်တဲ့ တိုက်လေယာဉ်တွေကို ပစ်ရင်တော့ ထိရောက်မှု မရှိသလောက်နီးပါး ဖြစ်နေပေမယ့် အနိမ့်ပျံရဟတ်ယာဉ်တွေကိုတော့ ကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီဟာ သယ်ပို့ရဟတ်ယာဉ် ၃ စီး ဆုံးရှုံးထားရပြီး ကချင်မှာ MI-17 တစီး၊ ကရင်မှာ Eurocopter တစီးနဲ့ အခု ကရင်နီက MI-17 တစီးတို့ ဖြစ်ကာ အားလုံးဟာ ပစ်ချခံရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခု ၂၀၂၄ မေလ အထိ ၃ နှစ်တာ ကာလအတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ် သယ်ပို့လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ  ၁၃ စီး အထိ ပျက်ကျတာ ပစ်ချခံထားရပါတယ်။

မြတ်ကြီး / Photo - Tactical Raptor

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013