DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့ဝင် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး 
DVB
·
May 8, 2024
ဘူးသီးတောင်မြို့ဝင် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး 
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) သိမ်းပိုက်ခံရပြီးနောက် ဘူးသီးတောင်မြို့အရှေ့ဘက်ရှိ ပန်ဇင်းချောင်းမြို့ဝင်တံတားကို မေ ၆ ရက်မှာ စစ်ကောင်စီတပ်က မိုင်းခွဲ ဖျက်ဆီးလိုက်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စကခ(၁၅)အပါဝင် ခမရ ၅၅၁၊ ခရမ ၅၅၂၊ ခမရ ၅၆၄နဲ့ ခမရ ၅၆၅ တို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ပြီးနောက်မှာ ဘူးသီးတောင်မြို့ သိမ်းပိုက်မခံရရေးအတွက် မြို့ဝင်တံတားကို မေ ၆ ရက် ညနေပိုင်းမှာ မိုင်းဆွဲဖျက်ဆီးခဲ့တာလို့ ဘူးသီးတောင်မြို့ခံ တဦးက ပြောပါတယ်။

"တပ်မ အပါအဝင် တပ်ရင်း ၄ ခု အသိမ်းခံလိုက်ရတော့ မြို့သိမ်းလာမှာကို စစ်ကောင်စီတပ်သားတွေက အရမ်းကြောက်နေကြတာ။ အဲဒါကြောင့် AA တပ်ဖွဲ့ဝင်တွေ မြို့ထဲကို အလွယ်တကူ ဝင်မရအောင် မြို့ဝင်တံတားကို စစ်ကောင်စီက ဖျက်ဆီးလိုက်တာ။"

ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဘူးသီးတောင်ဗျူဟာအပါအဝင် ခမရတပ်ရင်း ၄ တပ်ရင်း၊ ခလရ တပ်ရင်း ၃ ရင်းနဲ့ အမြောက်တပ်ရင်း ၁ ရင်းကျန်ရှိနေသေးပြီး မြို့နယ်တခုလုံးကို သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AAက ဆိုပါတယ်။

ဧပြီ ၂၅ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ဂုံးနားရွာအနီးက ကျေးရွာချင်းဆက် တံတားတခုကို  စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

ဘူးသီးတောင်၊ မောင်တောဘက်မှာ စစ်ရှုံးလာနေတဲ့ စစ်ကောင်စီဟာ လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်ပြီး ခံစစ်ကို သေချာပြင်ဆင်လာတာဖြစ်တယ်လို့ ရခိုင်စစ်ရေးအကဲခတ် တဦးက ပြောပါတယ်။

"စစ်ကောင်စီက ဘူးသီးတောင်မှ မဟုတ်ဘူး။ တောင်ကုတ်မြို့နယ်တွေမှာ တပ်ရင်းဌာနချုပ်တွေ အသိမ်းခံရမှာ ကြောက်ပြီးတော့ လမ်းတွေ တံတားတွေ ဖျက်ဆီးထားတွေ ရှိတယ်။ အခု ဘူးသီးတောင်၊ မောင်တောဘက်တွေမှာ တပ်မဌာနချုပ်တွေ နခခဌာနချုပ်တွေ အသိမ်းခံလာရတာကြောင့် မြို့တွေ အသိမ်းမခံရဖို့ သေချာကို ခံစစ်ပြင်တဲ့သဘောနဲ့ တံတားတွေကို ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်။" 

အခု ဖျက်ဆီးလိုက်တဲ့ ဘူးသီးတောင်မြို့ဝင် တံတားဟာ ရသေ့တောင်၊ ပုဏ္ဏားကျွန်မြို့ကတဆင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနဲ့ ဆက်သွယ်နိုင်ဖို့ ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ဖြစ်ပါတယ်။

လက်ရှိမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး AA က အဲဒီနယ်စပ်မြို့တွေကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဘူးသီးတောင် အခြေစိုက် စကခ(၁၅)ကို မေ ၂ ရက်မှာ AA က သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်မမှူးအပါအဝင် တပ်ဖွဲ့ဝင် ရာနဲချီပြီး လက်နက်ချ အညံ့ခံခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013