DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ စစ်တပ်စခန်း PDF တပ်များ သိမ်းပိုက်၊ ကလေး ဒကစ အပါအဝင် ၃ နေရာ ဗုံးကြဲခံရ
DVB
·
May 7, 2024
ကန့်ဘလူ စစ်တပ်စခန်း PDF တပ်များ သိမ်းပိုက်၊ ကလေး ဒကစ အပါအဝင် ၃ နေရာ ဗုံးကြဲခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာမှာ ဒီနေ့ မေ ၇ ရက် မနက် ၅ နာရီက စစ်ကောင်စီ အထိုင်စခန်းကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မလယ်ရွာ ရဲစခန်းမှာ စစ်တပ်နဲ့ ရဲ အင်အား ၄၀ ခန့်ရှိပြီး စစ်သားတွေကတော့ မန္တလေးတိုင်း၊ တွင်းငယ်မှာရှိတဲ့ တပ်ရင်း ၁၃ ကနေ လာရောက်အထိုင်စခန်းချတာလို့လည်း သိရပါတယ်။

အမည်မဖော်လိုတဲ့ တပ်ရင်းရဲဘော်တဦးက “စခန်းသိမ်းတိုက်ပွဲက မနက်ခင်း ၅ နာရီကစပြီး ၁၀ နာရီကျော်ကျော်လောက်မှာ ကျနော်တို့ စခန်းသိမ်းနိုင်ခဲ့တယ်ပေါ့လေ။ ရန်သူရဲ့ စခန်းကိုလည်း ရှင်းလင်းရေး လုပ်နိုင်ခဲ့တယ်။ လက်နက်ရရှိမှုနဲ့ စခ သေဆုံးမှုစာရင်းကတော့ KIA နဲ့ စစ်ဒေသကနေ ထုတ်ပြန်ပါလိမ့်မယ်ဗျ။ ကျနော်တို့ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က ရဲဘော်တဦး ကျဆုံးခဲ့ရတယ်။ နောက်ထပ် ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့တယ်။ ကျနော်တို့ ပြောပြလို့ရတာတော့ ဒီလောက်ပါပဲ” လို့ ပြောပါတယ်။

မလယ်ရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး ရပ်ကွက် ၆ ရပ်ကွက်ရှိတဲ့ ရွာကြီးတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မလည်ဒေသခံ ရွာသားတဦးက “ကျနော်တို့ရွာမှာ စစ်တပ်နဲ့ ရဲတွေ ရှိနေတော့ တနေ့နေ့ တချိန်ချိန်မှာ တိုက်ပွဲဖြစ်လာလိမ့်မယ်ဆိုတာ ကြိုတော့ တွက်ထားပြီးသားပါ။ အခုဟာလည်း သူတို့ ပစ်သံခတ်သံတွေ ကြားကတည်းက ရွာအပြင် ရှောင်လာခဲ့တယ်။ နေ့ခင်း ၁၁ နာရီကစလို့ စစ်တပ်ဘက်က ပထမ ဂျက်လေယာဉ်နဲ့ ရွာထဲကိုပစ်တယ်။ ဒုတိယအကြိမ် Mi35 နဲ့ လာပစ်တယ်။ နောက်ဆုံး တတိယအကြိမ်ကတော့ Mi35 ‌ရော ရိုးရိုးဂျက်လေယာဉ်ရော တိုက်လေယာဉ်ရော စုစုပေါင်း ၃ စီးနဲ့ကိုပစ်တာ။ ကျနော်တို့ကတော့ အဝေးကနေပဲ လှမ်းမြင်နေရတာပေါ့။ ရွာအတွင်းအခြေအနေကတော့ ဘာမှမသိရသေးဘူးရယ်။ ရွာအတွင်းလည်း မဝင်ရဲသေးဘူး” လို့‌ ‌ပြောပါတယ်။

မလည်ရွာအတွင်း လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး တဦး ပေါင်ကျိုးဒဏ်ရာ ရရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပေမဲ့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေယာဉ်ကွင်းနဲ့ အမှတ် ၉၃၄ ထောက်ပို့တပ်တွေကို မေ ၆ ရက် မနက်ပိုင်းမှာ မောင်းသူမဲ့ လေယာဉ်ငယ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Wings of Kalay Drone Team ဆီကနေ သိရပါတယ်။

Wings of Kalay Drone Team ရဲ့ တာဝန်ရှိသူတဦးက “Shar Htoo Waw Drone နည်းပညာနဲ့ မောင်းသူမဲ့လေယာဉ်ငယ် (Fixed Wing Drone) တွေ အသုံးပြုပြီး ကလေး-ဒကစရုံးကို ဗုံး ၂ လုံး၊ ထောက်ပို့ လေယာဉ်ဆင်းတဲ့အချိန်မှာ ဗုံး ၄ လုံး၊ အမှတ် ၉၃၄ ထောက်ပို့တပ်ကို ဗုံး ၃ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ မောင်းသူမဲ့ ဗုံးကြဲလေယာဉ်ငယ် တစီး ဆုံးရှုံးသွားခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကလေးမြို့က ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ကလေးဒေသတော်လှန်ရေးတပ်မှ ရဲဘော်တဦးက “ကျနော်တို့ဘက်က ကြဲတဲ့ ဗုံးသီး အကုန်လုံးကွဲတယ်ဗျ။ အဆောက်အဦတွေပေါ်ကို ကျလို့လည်း ပျက်စီးကုန်တယ်။ အသေးစိတ်ကတော့ စုံစမ်းနေတုန်းရှိပါသေးတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင်၊ ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ (Wings of Kalay Drone Team)၊ ကလေးဒေသတော်လှန်ရေးတပ် (Kalay Revolution Force - KRF)၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Photo - Wings of Kalay

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013