အမေရိကန်ရဲ့ အီရန်စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ အရေးပေါ်လိုအပ်ချက် အများစု အပါအဝင် အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၆ ဘီလီယံ အသုံးစရိတ်ကို အတည်ပြုပေးဖို့ အိမ်ဖြူတော်က ဇွန် ၂၄ ရက်မှာ ကွန်ဂရက်လွှတ်တော်ကို တောင်းခံလိုက်ပါတယ်။
ဒါဟာ အီရန်စစ်ပွဲရပ်ဆိုင်းဖို့ လွှတ်တော်က အတည်ပြုပြီး နောက်တရက်အကြာမှာ တောင်းခံလိုက်တာ ဖြစ်ပါတယ်။
ဒီရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံကို ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုသွားမှာပါ။
ကျန်တဲ့ငွေတွေကိုတော့ အမေရိကန်တောင်သူတွေနဲ့ အာဖရိကအလယ်ပိုင်းက အီဘိုလာရောဂါ တိုက်ဖျက်ရေးတွေမှာ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
အခုလို တောင်းခံစာကို အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် ဆီကို ပေးပို့ခဲ့ပေမဲ့ နိုဝင်ဘာလမှာ သမ္မတသက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲ (midterm election) ရှိနေတာကြောင့် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သူ့ရဲ့ စစ်ရေးအာဏာကို ကန့်သတ်ဖို့ ဇွန် ၂၃ ရက်က လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုဟာ အချိန်အခါမသင့်သလို အဓိပ္ပာယ်လည်း မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒီမိုကရက်တွေနဲ့ ပူးပေါင်းမဲပေးခဲ့တဲ့ ရီပတ်ဘလီကန် အမတ် ၄ ယောက်ကိုလည်း ထရမ့်ပ်က အရှုံးသမားတွေလို့ လူမှုကွန်ရက်ကနေ စွပ်စွဲခဲ့ပါတယ်။
အဲဒီအမတ် ၄ ယောက်ထဲက တယောက်ဖြစ်တဲ့ ဘီလ်ကက်စဒီ ကတော့ ဘာတွေဖြစ်နေတယ် ဆိုတာကို အမေရိကန်ပြည်သူတွေကို အစိုးရက ချပြတာ မရှိဘူးလို့ သမ္မတကို ထိပ်တိုက်ပြောခဲ့ကြောင်း သတင်းထောက်တွေကို ရှင်းပြပါတယ်။
လက်ရှိအချိန်အထိ အီရန်စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံလောက် ကုန်ကျထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ လွှတ်တော်ကို တင်ပြထားပါတယ်။










