DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို မြို့မရဲစခန်းမှ နယ်ထိန်းနှင့် ယာဉ်ထိန်းတပ်ကြပ်ကြီးတို့ကို စစ်တပ်ကဖမ်းဆီး
DVB
·
May 6, 2024
ကျိုက်ထို မြို့မရဲစခန်းမှ နယ်ထိန်းနှင့် ယာဉ်ထိန်းတပ်ကြပ်ကြီးတို့ကို စစ်တပ်ကဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းတဦးနဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီးတို့ကို PDF တွေနဲ့ ပတ်သက်လို့ဆိုပြီး မေ ၅ ရက်မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုရဲစခန်းကရဲတွေ PDF တွေနဲ့ ပူးပေါင်းနေတယ်လို့ စစ်တပ်က သတင်းရတာကြောင့် မေ ၅ ရက် ညနေ ၄ နာရီလောက်က ရဲစခန်းဝန်းထဲရောက်လာကာ ရဲတွေကို တဦးချင်းနဲ့ ဖုန်းတွေကို စစ်ဆေးကြောင်း၊ နယ်ထိန်း စိုးရာဇာရဲ့ ဖုန်းထဲမှာ PDF တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ့လို့ ဖမ်းဆီးခဲ့ပြီး ယာဉ်ထိန်းတပ်ကြပ်ကြီး ကိုအောင်နိုင်ဦးကိုလည်း PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စစ်တပ်က ရဲတွေ PDF တွေနဲ့ ပေါင်းနေတယ်ဆိုပြီး သတင်းရလို့ သူတို့လာစစ်တာ။ သူတို့က စိုးရာဇာကို အရင်တည်းက မကျေနပ်ဘူး။ မီးရုံးကို PDF တွေ လာပစ်တုန်းက စိုးရာဇာက အဲဒီနားမှာရှိနေပေမဲ့ မပစ်ဘဲ ထိုင်ကြည့်နေလို့ တင်း‌နေတာ။ အခုလည်း ဖုန်းတွေ အရင်တောင်းစစ်ပြီး PDF နဲ့ ဓာတ်ပုံတွဲရိုက်ထားလို့ တခါတည်း ဖမ်းလိုက်တာ။ ယာဉ်ထိန်းတပ်ကြပ်ကြီးကိုလည်း PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတာ။”

နယ်ထိန်း စိုးရာဇာနဲ့ တပ်ကြပ်ကြီး အောင်နိုင်ဦးတို့ကို စစ်တပ် တပ်မ ၄၄ ‌စစ်ကြောရေးမှာ စစ်ဆေးနေပြီး PDF တွေနဲ့ ပူးပေါင်းနေတဲ့ တပွင့်နဲ့ရဲတွေကို သိထားပြီးဖြစ်တဲ့အတွက် ထပ်မံဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ရဲစခန်းကို အသိပေးထားတယ်လို့ ဆိုပါတယ်။

ရဲစခန်းဝင်းအတွင်း စစ်သားတွေက ဝင်ရောက်သောင်းကျန်းသွားပြီး ရဲစခန်း အဝင်အထွက်ကိုလည်း ပိတ်ထားတယ်လို့ ရဲစခန်းဘေးမှာ နေထိုင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က စစ်‌သားတွေ ရဲစခန်းထဲလာပြီး စိုးရာဇာ ဖမ်းခေါ်သွားတာ တွေ့တယ်။ ရဲစခန်းမှာ ဒီနေ့ထိ အသံတောင် မကြားရသေးဘူး။ အကုန်လုံးက သူတို့ကိုလည်း ဘယ်တော့ လာဖမ်းမလဲ ကြောက်နေတာ။ ရဲစခန်း အဝင်အထွက်လည်း ပေးမလုပ်တော့ဘူး။”

ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မြို့တွင်းမှာလည်း စစ်ကောင်စီဒေါက်တိုင်တွေ မကြာခဏ အသတ်ခံနေရသလို ဒေသခံတွေလည်း မကြာခဏ ဖမ်းဆီးခံနေရပြီး ဆိုင်ကယ် နှစ်ယောက်စီးခွင့်လည်း ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013