
သင်္ကြန်တွင်း ပျော်ပါးရင်း ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းနယ်မြေ ရဲစခန်းက နယ်ထိန်းရဲတယောက် သေနတ်နဲ့ ကျည်တွေ ပျောက်ဆုံးမှုနဲ့ စစ်ဆေးခံနေရတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လူကောင်းကျွန်းနယ်မြေ ရဲစခန်းက နယ်ထိန်းတပ်ကြပ် ကိုကိုသန့်ဟာ ပြီးခဲ့တဲ့ သင်္ကြန်အတွင်း တာဝန်ကျတဲ့နေရာတွေကို လှည့်လည်သွားလာရင်း မူးယစ်သောက်စား ပျော်ပါးလွန်ကာ ကိုင်ဆောင်ထားတဲ့ သေနတ်တလက်နဲ့ ကျည် ၅ တောင့် ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။
သေနတ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စခန်းမှူးဖြစ်တဲ့ စိုးအောင်ကို နယ်ထိန်းတပ်ကြပ် ကိုကိုသန့်က လာဘ်ထိုးကာ သတင်းဖုံးထားပေမဲ့ သတင်းပျံ့နှံ့လာမှုကြောင့် တိုင်းနဲ့ ခရိုင်ရဲတပ်ဖွဲ့ အမိန့်နဲ့ ဧပြီ ၂၆ ရက်က စတင်ပြီး စစ်ဆေးနေတာလို့ သိရပါတယ်။
ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တပ်ကြပ်ကိုကိုသန့်က သောက်စား မူးယစ်ပြီး ပျောက်တာ။ စခန်းထဲ သူခိုးဝင်ခိုးသလိုမျိုး ဝါဒဖြန့်ထားတာ။ မရတဲ့အဆုံး ကိုကိုသန့်ကို စစ်ဆေးနေရတာ။ အလုပ်တာဝန် ပေါ့လျော့မှုနဲ့ စစ်ဆေးနေတာ” လို့ ပြောပါတယ်။
လက်ရှိစခန်းမှူး စိုးအောင်က နယ်ထိန်း ကိုကိုသန့်ကို မြောင်းမြခရိုင်ရဲမှူး ကိုယ်တိုင် ကွင်းဆင်းကာ စစ်ဆေးမယ်လို့ အကြောင်းကြားချက် ရရှိထားတာကြောင့် နယ်ထိန်း ကိုကိုသန့်ကို အချုပ်ခန်းထဲ ဖမ်းထည့်ထားတယ်လို့ သိရပါတယ်။
နယ်ထိန်းရဲ ကိုကိုသန့်ဟာ အရင်ကလည်း သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီး လာဘ်ငွေယူခဲ့ကာ လာဘ်ငွေကိစ္စ တိုင်ကြားသူ ပေါ်ပေါက်လာတဲ့အခါ ရဲတပ်ဖွဲ့ဝင်အချင်းချင်း လုပ်ကြံဖန်တီး အပြစ်ပုံချကာ သူ့အပြစ်ကို ဖုံးကွယ်ခဲ့ဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။











