DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော် ထပ်မံထွက်ပြေး 
DVB
·
May 6, 2024
ဘင်္ဂလားဒေ့ရှ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော် ထပ်မံထွက်ပြေး 
Donate to DVB

အာရက္ခတပ်တော် (AA) ရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် မေ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ချ ထွက်ပြေးလာတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်သိမ်းပိုက်မှုကိုခံနေရတဲ့ စစ်ကောင်စီတပ်စခန်းတွေက နယ်ခြားစောင့်တပ်သားတွေဟာ မေ ၄ ရက်မှာ ၄၄ ဦးနဲ့ မေ ၅ ရက်မှာ ၈၈ ဦးတို့က ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေထံမှာ လက်နက်ချ ခိုလှုံလာကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

လက်ရှိ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင်တပ်ကနေ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGF)ထံသို့ လွဲပြောင်းပေးသွားမယ်လို့ လုံခြုံရေးအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်တောမြို့နယ် နခခ(၁)ကျီးကန်းပြင်ဌာနချုပ်နဲ့ နခခ (၁၀)လှဖိုးခေါင် နယ်ခြားစောင့်တပ်စခန်းတွေကို AA ကသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခု ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဘက်ကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။

စစ်ရှုံးတိုင်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးကြတာဟာ စစ်ကောင်စီတပ်သားတွေအတွက် မထူးဆန်းတော့သလို တိုက်ခိုက်ရည်နဲ့ စစ်တပ်စွမ်းရည် လုံးဝမရှိတော့ဘူးလို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“စစ်ရှုံးပြီးတော့ ပြည်ပနိုင်ငံတွေကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးတာမဆန်းတော့ဘူး။ ထွက်မပြေးဖူးတဲ့ အိမ်နီးချင်းနိုင်ငံဆိုတာလည်း မရှိတော့ဘူး။ စစ်ကောင်စီတပ်ဟာ စစ်တပ်တခုမှာ ရှိသင့်တဲ့ တိုက်ရည်ခိုက်ရည် လုံးဝကို မရှိတော့ဘဲ တပ်ပျက်တခုသာသာ ရှိတော့တယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတိုက်ပွဲ ၆ လကျော်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သား ၆၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂၈၈ ဦးနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးတို့ကို လဲလှယ်ခဲ့ကြပါတယ်။

Photo- Dhaka Tribune

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013