DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းကျော်ရှိလာပြီး ဆိုးဝါးသည့် သမိုင်းမှတ်တိုင် ဖြစ်လာ
DVB
·
May 6, 2024
မြန်မာတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းကျော်ရှိလာပြီး ဆိုးဝါးသည့် သမိုင်းမှတ်တိုင် ဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၃ သန်းကျော်ထိရှိလာပြီး ဒါဟာ ဆိုးဝါးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်လာတယ်လို့  ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ၆ လတာအတွင်း ၅၀ ရာခိုင်နှုန်းလောက် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုနက်ရှိုင်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့အတူ ချောက်ကမ်းပါးထိပ်မှာ ရပ်တည်နေပြီး နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် စံချိန်တင်နေခဲ့တာပါ။

လက်ရှိ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းထဲက ၂ ဒသမ ၇ သန်းကျော်ကတော့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ပညာရေးနဲ့ အနာဂတ်ကို မှီခိုနေရတဲ့ ကလေးသူငယ်ဦးရေ သုံးပုံတပုံလောက် ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ကာ နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် ရွှေ့ပြောင်းနေထိုင်မှုတွေ လျင်မြန်စွာပဲ တိုးတက်လာခဲ့သလို ကံမကောင်းစွာပဲ ပဋိပက္ခမှာ မပါဝင်တဲ့ အရပ်သားအများစုက တခြား ရွေးချယ်စရာမရှိတော့ဘဲ ဘေးကင်းရာ ထွက်ပြေးဖို့ အမြင့်ဆုံးဈေးတွေ ပေးဆောင်နေရတယ်လို့လည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူပေါင်း ၁၈ ဒသမ ၆ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့ကြားမှာပဲ အိုးမဲ့အိမ်မဲ့ပြည်သူ ၃ သန်းလောက်ဟာ အသက်ရှင် ရပ်တည်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ မနှစ်ကထက် ၁ သန်းကျော် ပိုများတဲ့ ပမာဏဖြစ်နေပြီးတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူတွေထဲမှာ ကလေးသူငယ်ဦးရေ ၆ သန်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူဦးရေ အများဆုံး ဖြစ်ပြီး လူဦးရေ ၁ ဒသမ ၅ သန်းနီးပါး ရှိနေပြီး အရှေ့တောင်ဘက် ကယား၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာတော့ ၉ သိန်းကျော်ရှိနေကာ ရခိုင်ပြည်နယ်မှာတော့ နောက်ထပ် လူဦးရေ ၃၅၆,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ နဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါပေမဲ့ စစ်အုပ်စုက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013