DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် ဆိုးသွမ်းလူငယ်ဂိုဏ်းဖွဲ့ ရိုက်နှက်မှုဖြစ်ပြီးနောက် လူငယ်များ ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် အမိန့်ထုတ်
DVB
·
May 6, 2024
ချင်းမိုင်တွင် ဆိုးသွမ်းလူငယ်ဂိုဏ်းဖွဲ့ ရိုက်နှက်မှုဖြစ်ပြီးနောက် လူငယ်များ ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် အမိန့်ထုတ်
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့နဲ့ အနီးနားတဝိုက်ဧရိယာထဲမှာ ဆိုးသွမ်းလူငယ်ဂိုဏ်းဖွဲ့ ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အသက် ၁၈ နှစ်အောက်လူငယ်တွေအနေနဲ့ မေလ ၁ ရက်ကစ ည ၁၀ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရ၊ မဖြစ်မနေထွက်ရမယ်ဆိုပါက အုပ်ထိန်းသူ လူကြီးမိဘတွေ ပါမှသာ ထွက်ရမယ်လို့ အမှတ်ခရိုင် ရဲတပ်ဖွဲ့က မေ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လ သုံးလအတွင်း ချင်းမိုင်မြို့နဲ့ အနီးနားဧရိယာတဝိုက်မှာ ဆိုးသွမ်းလူငယ်တွေ ဂိုဏ်းဖွဲ့ပြီး ရန်ဖြစ် ရိုက်နှက်ကြတာ၊ သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တယ်၊ ရဲတပ်ဖွဲ့ ဖမ်းဆီး အရေးယူထားတာ ၅-၆ ဖွဲ့လောက်ရှိတယ်၊ အဲဒီလူငယ်တွေဟာ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ဝန်းကျင်လောက်သာ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသက် ၁၉ နှစ်ရွယ် လူငယ်တယောက် ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

အခုလို ဂိုဏ်းဖွဲ့သောင်းကျန်းနေတာ ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်တဲ့အပြင် ရာဇဝတ်မှုတွေပါ ကျူးလွန်တာကြောင့် မေ ၁ ရက်ကစပြီး အသက် ၁၈ နှစ်အောက်လူငယ်တွေ အပြင်မထွက်ရ၊ အရေးကြီးလို့ ထွက်ရမယ်ဆိုရင်  မိဘ အုပ်ထိန်းသူ ပါရမယ်၊ စည်းကမ်းချက် မလိုက်နာဘူးဆိုရင် ရဲတပ်ဖွဲ့က ခေါ်ယူပြီး ကိုယ်ရေးရာဇဝင်မှတ်တမ်းတင်ခံရမယ်၊  ဆိုးသွမ်းလူငယ်ဂိုဏ်းတွေ စောင့်ကြည့်ဖို့ အထူးတပ်ဖွဲ့ ဖွဲ့ထားပြီး ည ၁၀ နာရီနောက်ပိုင်း အလှည့်ကျ ကင်းလှည့်မယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲတပ်ဖွဲ့ ရဲမှူးကြီး ကရစ်ထနာဖွန်း ယိဆာခွန်းက မေလ ၃ ရက်သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ညက ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့နယ် ဆန်ဖတ်ဝမ်ရပ်ကွက်ထဲမှာ  ထိုင်းလူငယ် ၃ ဦး ဆိုင်ကယ်နဲ့ အလုပ်ကအပြန် ဆိုကယ်စီးလူငယ် တစုက အနောက်က လိုက်လာပါတယ်။ အဲဒီနောက် အကြောင်းမဲ့ရန်ရှာကာ ဓားနဲ့ခုတ်တာကြောင့်  ဒဏ်ရာရပြီး  ပိုက်ဆံအိတ်ပါ အလုသွားခံခဲ့ရကာ ရဲတွေက အဆိုပါဆိုးသွမ်းလူငယ်တွေကို လိုက်လံစုံစမ်းဖ မ်းဆီးရာမှာ  ဘန်ချိပ် လို့ခေါ်တဲ့ အသက် ၁၄ မှ ၁၈ ကြား လူငယ် ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

ဒါ့အပြင် မေ ၁ ရက်ညက စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ ရှမ်းရွှေ့ပြောင်းအလုပ်သမား ၂ ဦး အလုပ်ကအပြန် လူငယ် ၄ ယောက် ဆိုင်ကယ် ၂ စီးနဲ့ လိုက်လာလို့ အဆိုပါ အလုပ်သမား ၂ ဦးလည်း ဆိုင်ကယ်အရှိန်မြှင့်ထွက်ပြေးရာမှာ ဆန်ဆိုင်းမြို့နယ် မယ်ကျို့ရပ်ကွက် ရောက်တော့ ဆိုင်ကယ်မှောက်သွားခဲ့ပါတယ်။ 

ဆိုးသွမ်းလူငယ်တွေ လိုက်မီလာပြီး နိုင်းတေချာ (၁၉ နှစ်) ဓားနဲ့ခုတ်ခံရကာ သူ့သူငယ်ချင်း ဝိချိုင်းက ထွက်ပြေးပြီး ရဲနဲ့ လူနာတင်ကား သွားခေါ်သွားပါတယ်။  တာဝန်ရှိသူတွေ ရောက်လာချိန် ဆိုးသွမ်းလူငယ် ၄ ဦး ထွက်ပြေးသွားပြီး သူတို့ဟာ ရန်စမရှိဖူးပေမဲ့ သူတို့ကို မိုက်ဂိုက်နဲ့ကြည့်လို့ ဆိုပြီး လိုက်ရန်စတာလို့ ပြောပါတယ်။ ရဲတွေက မေလ ၃ ရက်မှာ အဆိုပါလူငယ် ၄ ဦးကို ဆန်ဆိုင်းမြို့နယ် ပါဖိုင်ရပ်ကွက်မှာ ဖမ်းမိခဲ့ပြီး  လူငယ်ဂိုဏ်းအဖွဲ့အမည်က ဆီဘွန်း ရိန်း လို့ခေါ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူ နိုင်းတေချာရဲ့ အသုဘကို စီစဉ်ဆောင်ရွက်ပေးတဲ့ နာရေးကူညီမှုအသင်းမှ စိုင်းတိုင်းထိန်က “သေသွားတဲ့ နိုင်းတေချာဟာ ရှမ်းပြည်နယ် ခိုလမ်မြို့က ဖြစ်ပြီး မိဘကို လုပ်ကျွေးနေသူ အလုပ်ကြိုးစားတဲ့လူငယ် ဖြစ်တယ်၊ သူ့တို့ ဓားနဲ့ခုတ်တဲ့ လူငယ်တွေဟာ တောင်ပေါ်သားကတ်ကနေ ထိုင်းနိုင်ငံသားကတ် ရထားသူတွေ ဖြစ်တယ်၊ သူတို့ အဲဒီလို ဆိုးသွမ်းတော့ လက်ရှိ ထိုင်းနိုင်ငံသား လျှောက်ထားဆဲ လူငယ်တွေအတွက် ကတ်ရဖို့ ပိုပြီးခက်ခဲကြန့်ကြာစေတယ်၊ အပြစ်မဲ့တဲ့ ကလေးတွေ လွတ်လပ်စွာသွားလာခွင့်မရှိတော့ဘူး၊ ထိုင်းရဲ့ စည်းကမ်းချက်ကိုတော့ ကြိုဆိုပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

တာဝန်ရှိသူတွေက လူငယ်ကာဖျူးအမိန့် အကောင်အထည်ဖော်ရာမှာ မေ ၄ ရက် ညက ဟန်ဒုံးမြို့နယ် အားကစားကွင်းနဲ့ လမ်းဘေးမှာစုဝေးပြီး  အရက်သောက် ဝိုင်းဖွဲ့နေတဲ့ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြားရှိ လူငယ်တွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

Source/Photo- ChiangMai News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013