DVB Logo
Home
မြန်မာသတင်း
မြို့သာရဲစခန်းအနီးက အိမ်ကို ပျူစောထီးများ ဓားပြတိုက်၊ လက်နက်ကြီးကြောင့် ဖားကန့် ပြည်သူ အချို့ ဒဏ်ရာရ
DVB
·
May 5, 2024
မြို့သာရဲစခန်းအနီးက အိမ်ကို ပျူစောထီးများ ဓားပြတိုက်၊ လက်နက်ကြီးကြောင့် ဖားကန့် ပြည်သူ အချို့ ဒဏ်ရာရ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းနားက အိမ်တအိမ်ကို မေ ၂ ရက်နေ့ညပိုင်းမှာ ပျူစောထီးအဖွဲ့တွေ ဓားပြဝင်တိုက်ခဲ့ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာတော့ မတ် ၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရသလို နေအိမ်အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မြို့သာရဲစခန်းနားက  ကိုနောင်နောင်ရဲ့ နေအိမ်ကို ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း ၃၀ နဲ့ ဖုန်း ၅ လုံး ယူဆောင်သွားတဲ့အပြင် အိမ်ရှင်ဖြစ်သူကို ရိုက်နှက်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “၉ နာရီဝန်းကျင်ပဲရှိသေးတယ်။ လက်နက်ကိုင် ပျူစောထီးတွေ ဝင်လာပြီး အိမ်သားတွေအားလုံးကို မှောက်ခိုင်းတယ်။ ကိုနောင်နောင်ကို ရွေးပြီး ဝိုင်းထိုးသွားကြတာ။ ပိုက်ဆံ သိန်း ၃၀ နဲ့ ဖုန်း ၅ လုံး ယူသွားတယ်” လို့ ပြောပါတယ်။

ဓားပြတိုက်သွားတာဟာ ပျူစောထီးတွေလို့ ဒေသခံတွေက ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီက ကြံ့ခိုင်ရေး၊ တစညပါတီဝင်တွေနဲ့ စစ်တပ် ထောက်ခံသူတွေကို ပျူစောထီးအဖွဲ့ဝင်အဖြစ် စစ်သင်တန်းပေးပြီး သေနတ်တွေ ထုတ်ပေးထားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံတယောက်က “စစ်သားတွေနဲ့ ပျူတွေက ညပိုင်း သောက်စားမူးရူးပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ ခရီးသွားကားတွေကို တားပြီး ခြိမ်းခြောက် ငွေညှစ်တာတွေက ညတိုင်းလိုလို လုပ်နေလို့ အပြင်ထွက်ရင် သူတို့ကိုပဲ မနည်းလွတ်အောင် ရှောင်နေရတယ်” ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ မြို့သာရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ‘မသိဘူး’ လို့ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြို့သာမြို့ဟာ မြင်းခြံ-တံတားဦး ကားလမ်းပေါ်မှာ တည်ရှိပြီး မြို့ဝင်၊ မြို့ထွက်တွေမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေက မြို့လုံခြုံရေး အကြောင်းပြကာ စစ်ဆေးရေးဂိတ်တွေထားပြီး ကားသမားတွေဆီကနေ ငွေကြေးတောင်းခံနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာတော့ မတ် ၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရသလို နေအိမ်အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆိုင်းတောင်ကျေးရွာ  စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲလို့ နေအိမ်တလုံး ပျက်စီးပြီး ပြည်သူ ၃ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “နေ့လယ် ၂ နာရီခွဲလောက်က ဗျူဟာကုန်းကနေ  လက်နက်ကြီးနဲ့ ပစ်တာ ၅ လုံးလောက် ရှိတယ်။ ဆိုင်းတောင်  အမှတ် ၂ ရပ်ကွက်ထဲလည်း လက်နက်ကြီးကျတယ်။ အိမ်တလုံးပျက်စီးတယ်။ အမျိုးသားတဦးကတော့ ဒဏ်ရာရတာ စိုးရိမ်ရတယ်။ ကျန် နှစ်ဦးကတော့ သိပ်မစိုးရိမ်ရဘူး။ တခြားနေရာတွေမှာလည်း လက်နက်ကြီး ကျည်စထိမှန်သူတွေ ရှိတယ်လို့ ကြားရတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေပြီး ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်  အရပ်သားပြည်သူ နှစ်ယောက်ကို လက်နက်ကြီးကျည် ထိမှန်လို့ တယောက် သေဆုံးခဲ့ပါတယ်။

Photo - မြို့ခံ / Myotha page / Google map

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013