DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ၊ ရေးမြို့နယ်က အမြောက်စခန်း ဖျက်ဆီးခံရ
DVB
·
May 5, 2024
ကျိုက်ထိုတွင် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ၊ ရေးမြို့နယ်က အမြောက်စခန်း ဖျက်ဆီးခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးပြီး ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းပေါ်က အမြောက်စခန်းကိုသိမ်းပိုက်ရာမှာ စစ်ကောင်စီ တပ်သား ၂ ယောက်သေပြီး ၂ ယောက် အရှင်းဖမ်းမိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို မေ ၁ ရက်နေ့ မနက် ၇ နာရီကျော်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအင်အား ၂၀ လောက်ရှိတဲ့ အဲဒီဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရာရှိ ၁ ယောက်၊ တခြား အဆင့် ၇ ယောက်နဲ့ ရဲမေ ၁ ယောက်တို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

KRF ပြန်ကြားရေးတာဝန်ခံက “မုပ္ပလင်စစ်ဆေးရေးဂိတ်မှာ သူတို့ မနက်ပိုင်း တန်းစီနေတဲ့အချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ပစ်မှတ်ကိုတည်တည့်ထိပြီး ၄ ဦးသေပြီး ၉ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက်တော့မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

မုပ္ပလင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရလို့ ရန်ကုန်-မော်လမြိုင် ကားလမ်း ၂ နာရီကြာ ပိတ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက အနီးအနားမှာရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၇ နာရီကျော်မှာ တိုက်ပွဲဖြစ်ပြီး ၁၀ နာရီကျော်မှ ကားတွေ ပေးဖြတ်တာ။ ထိခိုက်မှုတော့ ရှိတယ်ထင်တယ်။ တိုက်ခိုက်ခံရပြီးတော့ လူနာတင်ကား ၃ စီးတောင် မုပ္ပလင်ဂိတ်ကိုလာတာ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ KNU/ KNLA၊ Nighthawks နဲ့ ကျိုက်ထိုပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်တ်ကျွန်းပေါ်က စစ်ကောင်စီရဲ့ ရေကြောင်းကာကွယ်ရေး အမြောက်တပ်စခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံး၊  ၂ ယောက် အရှင်ဖမ်းမိပြီး အများအပြားဒဏ်ရာရခဲ့သလို လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းက ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀ ယောက်ကျော်ရှိတဲ့ အဲဒီအမြောက်တပ်ကို မေ ၃ ရက်နေ့ မနက် ၃ နာရီ‌ခွဲ လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတယောက်နဲ့ တပ်သားတယောက် သေဆုံးခဲ့ပြီး ကျန်တဲ့စစ်ကောင်စီတပ်သားတွေက ဒဏ်ရာတွေနဲ့ စခန်းကို စွန့်ခွာခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်အဆုတ်တွင် စစ်ကောင်စီတပ်သားတွေ အိပ်နေတဲ့ ကူးတို့ဆိပ်နေရာမှာ တိုက်ပွဲထပ်ဖြစ်ပြီး ဒုအရာခံဗိုလ်တယောက်နဲ့ တပ်သား တယောက်တို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။

တပင်ရွှေထီးစစ်ကြောင်းရဲ့ အရာခံ ကိုအောင်မြင့်မြတ်က “ကျနော်တို့ မနက်စောစော ရေကြောင်းကာကွယ်ရေး အမြောက်တပ်ကို ဝင်တိုက်ခဲ့တာ။ အဲကျွန်းရဲ့ အသစ်ဆောက်နေတဲ့ လေယာဉ်ကွင်းနားမှာတော့ အင်အား ၁၀၀ ကျော်နဲ့ စစ်သင်္ဘာတစီးရှိတော့ ခပ်မြန်မြန်ပဲ သိမ်းပြီးပြန်ထွက်ခဲ့တာ။ တိုက်ပွဲက အဲဒီစခန်းနဲ့ ကူးတို့ဆိပ် နှစ်နေရာဖြစ်တာ။ သူတို့ဘက်က နှစ်ဦး သေတယ် မျက်မြင်ပေါ့။ နှစ်ဦး အရှင်ဖမ်းမိတယ်။ ဗိုလ်အပါအဝင် အများအပြားလည်း ပြင်းထန်ဒဏ်ရာတွေရပေမယ့် လိုက်လံရှင်းလင်းဖို့ အခြေအနေမပေးလို့ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂ ယောက်ကို အရှင်ဖမ်းမိခဲ့သလို G 3 ၁ လက်၊ MA 1 ၁ လက်၊ MK 11 ၃ လက်၊ ပစ္စတို ၂ လက်၊ အမြောက်ကျည်ဆန် ၂ တောင့်နဲ့ ကျည်ဆံတချို့ကို သိမ်းဆည်းရမိခဲ့ပြီး အမြောက်နဲ့ အမြောက်ကျည်ဆန်တချို့ကိုတော့ ရေထဲချပြီး ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရေတပ်သင်္ဘောက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လေကြောင်းကလည်း ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်လက်‌တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦတွေ ထိခိုက်ခဲ့ပါတယ်။

ကုလားကုတ်ကျွန်းပေါ်ကို စစ်ကူသွားဖို့အတွက် ကား ၃ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်ဟာ ကူးတို့ဆိပ်မှာ ကားတွေထားပြီး လှေနဲ့သွားရောက်တဲ့အချိန် ကားတွေကို တော်လှန်ရေးတပ်တွေက မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ကုလားကုတ်ကျွန်းပေါ်မှာ အပေါ်ဆိပ်၊ အလယ်ဆိပ်နဲ့ အောက်ဆိပ်ဆိုတဲ့ ရွာ ၃ ရွာရှိပြီး အိမ် ၇၀၀ လောက်၊ လူဦးရေ ၅,၀၀၀ လောက်နေထိုင်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ကုလားကုတ်ကျွန်း အပေါ်ဆိပ်ရွာမှာ အလတ်စားလေယာဉ်ကွင်း တကွင်း တည်ဆောက်နေပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော်နဲ့ စစ်သင်္ဘောတစီးတို့က လေယာဉ်ကွင်း တည်ဆောက်တဲ့ ဘေးနားမှာ တပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013