DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပက ရွှေများကို PDF ခွာယူဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်
DVB
·
May 5, 2024
အလောင်းတော်ကဿပက ရွှေများကို PDF ခွာယူဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်မှာရှိတဲ့ အလောင်းတော်ကဿပ ကျောက်ဂူအဝက ရွှေတွေကို PDF တွေက ခွာယူနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်နဲ့ တယ်လီဂရမ် စာမျက်နှာတွေကနေ ဖြန့်ဝေနေပြီး တကယ်တော့ ခွာစရာရွှေမရှိဘူးလို့ PDF တာဝန်ရှိသူက ပြောပါတယ်။

အလောင်းတော်ကဿပကျောက်ဂူဟာ တောတွင်းမှာတည်ရှိပြီး ကိုဗစ်ကပ်ရောဂါ ကာလ ကတည်းက ပြင်ပဘုရားဖူးတွေ မလာရောက်တော့သလို စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အခြေချထားတာလို့ သိရပါတယ်။

အရင်ကာလတွေတုန်းကတော့ ဘုရားဖူးရာသီအစမှာ ကျောက်ဂူကို ရွှေမင်သုတ်မွမ်းမံပြီး ဘုရားဖူးရာသီချိန်အတွင်း ဘုရားဖူးပြည်သူတွေ ကပ်လှူခဲ့တဲ့ ရွှေသင်္ကန်းတွေကို တလတကြိမ် ဝါဂွမ်းတွေနဲ့ ခွာယူပြီး ဘုရားဂေါပကအဖွဲ့က အလောင်းတော်ကဿပ ရန်ပုံငွေအဖြစ် လေလံတင် ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားဖူးရာသီ ပြီးလို့ ရွှေသင်္ကန်းနည်းနည်း ကျန်နေရင်လည်း ရေတိုက်စားပြီး သဘာဝကျောက်သားပဲ ကျန်တော့တယ်လို့ ယင်းမာပင်မြို့နယ် တပ်ရင်း ၁၊ ခရိုင်တပ်ရင်းအမှတ် ၃၆ က ထုတ်ပြန်ထားပါတယ်။

တပ်ရင်း တာဝန်ရှိသူတယောက်က “ကျနော်တို့ စခန်းက သစ်တောနဲ့အနီးဆုံးနေရာမှာရှိနေတော့ ဒေသခေါင်းဆောင်ကနေ အလောင်းတော် ကဿပနယ်မြေကို စောင့်ရှောက်ဖို့ ကျနော်တို့ကို တာဝန်ပေးတယ်။ နောက်ပိုင်း မြို့နယ် သယံဇာတ အဖွဲ့ပေါ်လာတော့လည်း ကျနော်တို့ကို ဆက်ပြီး သစ်တောထိန်းသိမ်းခိုင်းရင်း ဘုရားကိုလည်း စောင့်ရှောက်ဖို့လိုတယ်ဆိုပြီး တာဝန်ပေးတော့ ၂၀၂၃၊ မေ ၅ ရက်နေ့ကနေ စပြီးထိန်းသိမ်းခဲ့တာပါ” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဘုရားဖူးရာသီမှာ ပြင်ပဘုရားဖူးဧည့်သည်တွေ မလာရောက်တော့ဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပဲ လာရောက်လည်ပတ်လေ့ရှိတယ်လို့ သိရပါတယ်။

ခရိုင်တပ်ရင်းအမှတ် ၃၆ တာဝန်ရှိသူတယောက်က “ဘုရားဖူးလာတဲ့ ရဲဘော်တယောက်က ဗွီဒီယို ရိုက်ပြီး တင်လိုက်တာပါ။ သူတို့ကတော့ ရိုးရိုးသားသား တင်တာပေါ့။ ဗွီဒီယိုမှတ်တမ်းတွေက တချို့ လက်ထဲရောက်သွားတော့ အဆိပ်အတောက်ဖြစ်တာပေါ့။ လိုရာဆွဲပြီး အပုပ်ချတာပေါ့။ ကျနော်တို့ ရဲဘော်ရဲဘက်တွေကို ပိုပြီးတော့ သတိထား ဆင်ခြင်စေချင်ပါတယ်” လို့ ဆက်ပြောပါတယ်။

တပ်ရင်းအနေနဲ့ နွေဦးရာသီတိုင်း ဘုရားဝန်းကျင်အဆောက်အဦတွေ တောမီးမလောင်စေဖို့ ကာကွယ်ရှင်းလင်းတာ၊ အလောင်းတော်ဘုရားနဲ့ ပတ်သက်တဲ့ ပြည်သူပိုင် စက်ပစ္စည်းတွေကို ထိန်းသိမ်းတာ၊ တပ်ရင်းတပ်ဖွဲ့တွေ ဘုရားဖူးလာလို့ အဆင်ပြေအောင် လမ်းတွေ ပြင်ဆင်တာ၊ အလောင်းတော်ကဿပ ရုပ်ပွားတော်ကြီးကို လောဘသမားတွေ မလွန်ကျူးနိုင်ဖို့ ကာကွယ်တာ စတာတွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013