DVB Logo
Home
မြန်မာသတင်း
တန့်ဆည်ပကဖတာဝန်ခံဟောင်းအမှု ပွင့်လင်းမြင်သာရန် မိသားစု တောင်းဆို
DVB
·
May 4, 2024
တန့်ဆည်ပကဖတာဝန်ခံဟောင်းအမှု ပွင့်လင်းမြင်သာရန် မိသားစု တောင်းဆို
Donate to DVB

ဖမ်းဆီးခံထားရတဲ့ တန့်ဆည်မြို့နယ်သပိတ်ခေါင်းဆောင်၊ တန့်ဆည်မြို့နယ် ပကဖ တာဝန်ခံဟောင်း ကိုတောက်ထွန်းလင်းရဲ့အမှုကို စစ်ခုံရုံးတင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေးပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ကိုတောက်ထွန်းလင်းကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆ ရက်နေ့မှာ ရွှေဘိုခရိုင် အမှတ် ၁ စစ်ဒေသရုံးရဲ့အမိန့်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်က အစည်းအဝေးခေါ်တာလို့ ပြောဆိုခဲ့ပေမယ့် အချိန် ၂ နှစ်နဲ့ ၁ လ ကြာတဲ့အထိ ဖမ်းဆီးထိန်းသိမ်းထားတာ၊ ဘာပြစ်မှု ဘယ်လိုအကြောင်းကြောင့်ဆိုတာ လက်ရှိအချိန်အထိ တိတိကျကျထုတ်ပြန်စစ်ဆေးတာတွေ မရှိခဲ့ဘူးလို့ မိသားစုဝင်တွေက ဧပြီ ၄ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုတောက်ထွန်းလင်းရဲ့ ညီဖြစ်သူက “ငါ့ကို စစ်ခုံရုံးသာရောက်အောင်ပို့ပေးပါ။ ပြီးတော့ MOD က ကိုနိုင်ထူးအောင်က သူနဲ့ဆရာတပည့်ဖြစ်တဲ့အတွက် အကူအညီတောင်းပါ။ အမြန်ဆုံး စစ်ခုံရုံးမှာတင်ပြီး ဖြေရှင်းပေးဖို့ရာ အမြန်ဆုံးတောင်းပါ။ အဲ့ဒါဆိုရင် ငါဖြေရှင်းလို့ရတယ်။ ငါ့အနေနဲ့ ဖမ်းဆီးထားတဲ့အချိန်မှာ ဖမ်းဆီးထားတဲ့ကာလမှာရော၊ တနေရာ တနေရာပြောင်းရွှေ့တဲ့အချိန်မှာရော၊ ထွက်ပြေးလို့ရတယ်၊ အကူအညီတောင်းလို့ရတယ်။ ဒါပေမယ့် ဒီအမှန်တရားကြီးကိုချပြချင်လို့ စစ်ခုံရုံးကိုတင်ခိုင်းတာ၊ အဲ့ဒီတော့ MOD က ကိုနိုင်ထူးအောင်ကို အမြန်ဆုံးအကူအညီတောင်းပါ၊ တောက်လျှောက်အကူအညီတောင်းပါလို့ ပြောပေမယ့်လည်း အတွင်းဝန် ကိုနိုင်ထူးအောင်အနေနဲ့ ကျနော်တို့အပေါ်မှာ အမျိုးမျိုး ဖျောင်းဖျခြင်းတွေနဲ့ပဲ အချိန်ကုန်ပါတယ်” လို့ ပြောပါတယ်။

ကိုတောက်ထွန်းလင်း ဖမ်းဆီးခံရတဲ့အမှုနဲ့ပတ်သက်ပြီး မိသားစုက မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်အထိ ဆက်သွယ်စုံစမ်းတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ ဆက်သွယ်တာတွေပြုလုပ်ခဲ့ပေမယ့် မြင်သာတဲ့ပြောင်းလဲမှုမရှိတာကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာလို့ မိသားစုက ဆိုပါတယ်။

ကိုတောက်ထွန်းလင်းကို ဘာကြောင့်ဖမ်းဆီးအရေးယူတယ်ဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိပေမယ့် ပြင်ပမှာတော့ ဘလက်ကာယပြုမှု၊ ဓါးပြမှုတွေကြောင့်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကိုတောက်ထွန်းလင်းရဲ့ ညီမက “တိတိကျကျထုတ်ပြောတာ၊ ဘယ်လိုအကြောင်းအရာကြောင့် ဖမ်းပါတယ်ဆိုတာမျိုး မပြောဘဲနဲ့ သွားပုပ်လေလွင့်ပုံစံမျိုးပဲ ကိုတောက်ထွန်းလင်းက ဘလက်ကာယ ဘယ်နှစ်ကြိမ်ပြုခဲ့လို့၊ ဓါးပြတိုက်ခဲ့ဖူးတယ်၊ ဒီလိုစကားတွေပဲပြောခဲ့တာပါ၊ ဘယ်လိုကြောင့် ဘယ်လိုဆိုတာ တရားဝင်ထုတ်ပြန်ချက်မရှိဘဲနဲ့ အသရေပျက်စေမယ့် စကားတွေပြောနေတဲ့အခါ ကျတော့၊ ဒါကိုမဟုတ်ပါဘူးငြင်းနိုင်မယ့် ကိုတောက်ထွန်းလင်းကို ကျတော့ အထဲကိုထည့်ထားတယ် ဆိုတဲ့အခါကျတော့၊ အမှားကြာရင် အမှန်ဖြစ်သွားမှာလည်း စိုရိမ်တဲ့အတွက်ကြောင့် ကျမတို့က အပြစ်ရှိရင်လည်း မိသားစုအနေနဲ့ သူ့ကိုခံစေပါမယ်” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုတောက်ထွန်းလင်းကိုဖမ်းဆီးရာမှာ ဦးဆောင်ခဲ့တဲ့ ရွှေဘိုခရိုင်ပကဖ တာဝန်ရှိသူဆီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သတင်းဌာနတခုချင်းစီကို ပြန်လည်ဖြေကြားမှာ မဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် တရားဝင် ရှင်းလင်းမယ်လို့ ပြန်လည်ဖြေဆိုပါတယ်။

ရွှေဘိုခရိုင်ပကဖအဖွဲ့ဝင် အာကာမောင်မောင်က “ကျနော်က ဒီမှာ တာဝန်ခံတယောက် ဖြစ်တယ်လေနော့။ ဒီမှာ ကျနော့်အတွက်နဲ့ ကျနော့်အထက်လူကြီးကလည်း ကျနော့်ကို အမိန့်ပေးလာတာလည်းမရှိဘူး။ ပြီးရင် ကျနော်က တရားဝင် ကျနော်ရှင်းမယ်။ ဒီသတင်းဌာနတွေနဲ့ ပတ်သက်ပြီးတော့ ကျနော့်မှာ ပြောပိုင်ခွင့်လည်းမရှိဘူး။ ကျနော့်ကိုပြောမယ်ဆိုရင် ကာကွယ်ရေး ဝန်ကြီးဌာနကတဆင့် ကျနော်နဲ့ ပြောမယ်နော်” လို့ ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးစတင်ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး တချို့သော လက်နက်ကိုင် တော်လှန်ရေး အစုအဖွဲ့တွေအချင်းချင်းကြား မကျေလည်မှုတွေကနေ အပြုသဘောမဆောင်တဲ့ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

NUG က ဖွဲ့စည်းထားတဲ့ကြားကာလ အုပ်ချုပ်မှုဗဟိုကော်မတီ တိုင်ကြားစာကော်မတီကို တိုင်ကြားထားတဲ့အမှုပေါင်း ၁၀၀ ကျော်ရှိနေပြီး ကာကွယ်ရေးဝန်ကြီးဌာနက အမှုပေါင်း ၃၀ ကျော်၊ ပြည်ထဲရေးက အမှုပေါင်း ၂၀ ကျော် ဖြေရှင်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဧပြီ ၃၀ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

တိုင်ကြားမှုတွေထဲမှာ အဓိက အမှုအမျိုးအစား ၂ ခုပါဝင်ပြီး NUG ဝန်ထမ်းယန္တရားထဲ ကလူတွေက ပြည်သူအပေါ်ကျူးလွန်တဲ့အမှုနဲ့ ဝန်ထမ်းအချင်းချင်း ကျူးလွန်တဲ့ အမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တန့်ဆည်ပကဖတာဝန်ခံဟောင်းအမှု ပွင့်လင်းမြင်သာရန် မိသားစု တောင်းဆို