Home
သတင်းဓာတ်ပုံ
ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို အေအေသိမ်းပိုက်၊ ထားဝယ်တွင် စစ်ကူများတိုက်ခိုက်ခံရပြီး ၇ ဦးသေ
DVB
·
May 4, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း ၂ ခုကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် အေအေက ထုတ်ပြန်ပြီး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ၃၀၂ ဇဟာအမြောက်တပ်ကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ၃ မိုင်လောက်အကွာမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို အေအေက ၁ လလောက် ထိုးစစ်ဆင်တိုက်ခိုက်အပြီး အဲဒီဌာနချုပ်နဲ့ ခမရ ၅၅၁၊ ခမရ ၅၆၅ တပ်ရင်းတို့ကို မေ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

အေအေနဲ့ နီးစပ်သူတယောက်က “မနေ့ကပဲ ဒုံးသိမ်သွားလမ်းမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို အပြီးသတ်သိမ်းလိုက်တာပါ။ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ထွက်ပြေးတဲ့သူတွေပါရှိတယ် အရေအတွက်ကိုတော့ အတိအကျမသိနိုင်သေးဘူး။ မနေ့ကနေ ဒီနေ့မနက်အထိ လေယာဉ်နဲ့ လာပြီးတော့ လာပစ်တာရှိတယ်။ စကခ ၁၅ ရပြီဆိုတော့ တခြားတပ်တွေကိုပါ ဆက်တိုက်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မတ်လအတွင်းမှာလည်း ဘူးသီးတောင်အခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၅၂ နဲ့ ခမရ ၅၆၄ တို့ကို အေအေက သိမ်းပိုက်ထားပြီး ဘူးသီးတောင်က ခမရ ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅ တပ်ရင်း အပါအဝင် ခလရ ၂၃၃၊ ၂၃၄၊ ၂၆၃ နဲ့ အမြောက်တပ်ရင်း ၃၇၈တို့ကို  ပါ သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့ခံတယောက်က “စကခ ၁၅ ကို သိမ်းလိုက်တော့ ဘူးသီးတောင်မြို့ကို သိမ်းဖို့အတွက် လွယ်သွားပြီလို့ပြောလို့ရတယ်။ ဗျူဟာတွေဖြစ်တဲ့ နခခ ၃၊ နခခ ၈ တို့တော့ကျန်သေးတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်သားတွေနဲ့ မွတ်ဆလင်တွေကပါ ပေါင်းပြီးတိုက်နေကြတော့ အေအေအနေနဲ့ ပိုပြီး သတိထားတိုက်နေရတော့ ဘူးသီးတောင်မြို့တိုက်ပွဲက ကြာနေတာပါ။ မြို့ထဲမှာတော့ ပြည်သူတွေမရှိတော့ဘူး။ အကုန်လုံးထွက်ပြေးနေကြရတယ်။ အိမ်တွေလည်း မီးရှို့ထားလို့ မရှိတော့ဘူး” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပါအဝင် ဘာသာရေး၊ လူမျိူးရေးပဋိပက္ခအသွင်ဆောင်အောင်ပြုလုပ်နေတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို အေအေက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က မောင်တောခရိုင်၊ သံတွဲခရိုင်နဲ့ အမ်းမြို့နယ်တို့မှာ အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေတပ်တွေနဲ့ ကာကွယ်တိုက်ခိုက်နေပါတယ်။

နိုဝင်ဘာလ ၁၃ ရက်ကနေစတင်ခဲ့တဲ့ ၅ လ ကျော်တိုက်ပွဲတွေအတွင်း ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ တောင်ပြိုလက်ဝဲ၊ လက်ယာမြို့ အပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ အေအေက သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အပြစ်မဲ့အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေပြီး လူမျိူးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် မွတ်ဆလင်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာအပြင် ARSA၊ARA တပ်တွေနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုတွေ ပြုလုပ်နေပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာက အမတ ၃၀၂ ဇဟာအမြောက်တပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဗထူးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ မေ ၃ ရက်နေ့မှာ ဗထူးတပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကနေ ဇဟာအမြောက်တပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီအင်အား ၆၀ လောက်ပါတဲ့ ခြေလျင်စစ်ကြောင်းကို မေ ၂ ရက်‌ မနက် ၅ နာရီခွဲက မောင်မယ်ရှောင်ကျေးရွာနားမှာ ဗထူးတပ်မတော်က ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ ဇဟာအမြောက်တပ်တို့က လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဗထူးတပ်မတော်နဲ့ အရပ်သားပြည်သူထိခိုက်မှုမရှိ‌ခဲ့ပေမယ့် စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗထူးတပ်‌မတော်တာဝန်ရှိသူတဦးက “ဘုရားမဲစစ်ဆေးရေးဂိတ်ကနေ ဇဟာအမြောက်တပ်ကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လမ်းမှာကြိုပြီး တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇဟာအမြောက်တပ်နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့က လက်နက်ကြီးပစ်ကူပေးတယ်။ သူတို့ဘက်က ၇ ဦးသေတယ် ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့သွားလာဖို့နဲ့ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကို ကြိုတင် ပြင်ဆင်ထားကြဖို့ ဗထူးတပ်မတော်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့ကလည်း ကလိန်အောင်ဘက်ကနေ အမတ ၃၀၂ ဇဟာအမြောက်တပ်ရင်းကို အင်အားဖြည့်တင်းဖို့ စစ်ကောင်စီတပ်သား ၈၀ လိုက်ပါလာတဲ့ မြေသယ်ကား ၂ စီးကို ဗထူးတပ်မတော်က ရေး-ထားဝယ်လမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄၀ လောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ- AA info desk

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024