DVB Logo
Home
Lead Story
သဘာဝပတ်ဝန်းကျင် အကျပ်အတည်းကြားက စိန်ခေါ်မှုများနှင့် မြန်မာ့သတင်းလွတ်လပ်ခွင့်
DVB
·
May 3, 2024
သဘာဝပတ်ဝန်းကျင် အကျပ်အတည်းကြားက စိန်ခေါ်မှုများနှင့် မြန်မာ့သတင်းလွတ်လပ်ခွင့်
Donate to DVB

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က ဦးဆောင်တဲ့ ၃၁ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ညီလာခံကို ချီလီနိုင်ငံမှာ မေ ၂ ရက်ကနေ ၄ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပါတယ်။

အခု ၂၀၂၄ ခုနှစ် မေ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာတော့ ကမ္ဘာမြေအတွက် စာနယ်ဇင်းတခု ဆောင်ပုဒ်နဲ့ လက်ရှိ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် အကျပ်အတည်းမှာ သတင်းစာပညာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ရဲ့ အရေးပါမှုကို အလေးပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုနှစ်အတွက် ယူနက်စကိုက ချီးမြှင့်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2024 ဆုကိုတော့ ဂါဇာအရေးတင်ဆက်တဲ့ ပါလက်စတိုင်း သတင်းသမားတွေကို ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒီဆုကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ရရှိဖူးသလို ၂၀၁၉ ခုနှစ်မှာတော့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာသတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုး ဦးတို့ ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကာလကို ကျော်လွန်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာရော သတင်းမီဒီ ယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေနဲ့အတူ သဘာဝပတ်ဝန်းကျင် အကျပ်အတည်းတွေကြားမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန် မာသတင်းမီဒီယာသမားတွေ ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြပါသလဲ။

မြေပြင်သတင်းတွေ ရယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ စစ်အာဏာသိမ်းကာလမှာ အခုချိန်အထိ ရခိုင်ပြည်နယ်ကနေ သတင်းတင်ဆက်တဲ့ သတင်းသမားတယောက်ကတော့ “ဒီကာလထဲမှာ သဘာဝပတ်ဝန်းကျင်အရေးမှတင် မဟုတ်ဘူး။ ဘယ်သတင်းရှုထောင့်ကရေးရေး မြန်မာပြည်မှာ သတင်းမီဒီယာသမား ဖြစ်တာနဲ့ ခြိမ်းခြောက်ခံရမယ်၊ ဖမ်းဆီးခံရမယ်၊ အခန့်မသင့်ရင် သတ်ဖြတ်ခံရတာတွေ အထိ ရှိနိုင်တယ်။ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကတော့ ဘယ်လိုအချိန်အခါမဆို မီဒီယာ သမားဖြစ်တာနဲ့ ကြုံတွေ့ရနိုင်ပေမဲ့ ဒီကာလကတော့ ရှေ့ဆက်ဘာဖြစ်လာမယ်မှန်းမသိ ဖြတ်သန်းနေရတဲ့ ကာလတွေပဲ။ ကျနော်ကတော့ သတင်းသမားတယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်။ အခက်အခဲတွေကြားမှာ ကိုယ့်ဆီ ဘယ်တော့ရောက်လာမယ်မှန်း မသိတဲ့ ခြိမ်းခြောက်မှုနဲ့ ထိတ်လန့်တာတွေမျိုးတွေတော့ရှိတယ်။ နောက်ပြီးတော့ အခက်အခဲဆိုတဲ့ နေရာမှာ သတင်းသမားတွေရဲ့ လုံခြုံရေး၊ အကာအကွယ်ပေးထားတဲ့ ဥပဒေ ဆိုတာ မြန်မာမှာ ခုချိန်ထိ မရှိခဲ့တော့ ကိုယ့်ဟာကိုယ်ပဲ မီးစင်ကြည့်က ဘေးကင်းအောင်နေထိုင်ပြီး ဆက်လုပ်နေရတာပဲ။ ဒါပေမဲ့ တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီးတော့ သတင်းတွေ လုပ်သွားဦးမှာပါပဲ” လို့ ပြောပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုးဝါးဆုံးအခြေအနေထိ ရောက်လာနေပေမဲ့ မြန်မာသတင်းမီဒီယာသမားတွေကတော့ ဖိနှိပ်မှုတွေကြား က ဆက်လက်ပြီးတော့ အံတုရပ်တည်ရင်း လျှောက်လှမ်းနေကြပါတယ်။

ဥရောပကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ် မာရီယာ ဗက်ချီနိုဗစ် ဘူးရစ်က “မတူ ကွဲပြားတဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာနဲ့ သတင်းထောက်တွေ မရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီဟာ ယိုယွင်းပျက်ဆီးသွားနိုင်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီရဲ့မဏ္ဍိုင် တခုဖြစ်ပြီး သူတို့ရဲ့ လွတ်လပ်ခွင့်ဟာလည်း ကျမတို့တာဝန်ဖြစ်တာကိုလည်း ဘယ်တော့မှ မမေ့သင့်ပါဘူး။ ဒါပေမဲ့လည်း မီဒီယာနဲ့ သတင်းသမားတွေအနေနဲ့ သူတို့ရဲ့ မရှိမဖြစ် ဒီမိုကရေစီ အခန်းကဏ္ဍက ပါဝင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နိုင်စေဖို့ လိုအပ်ပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီက မီဒီယာလွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်ပြီးတော့ နိုင်ငံတဝန်း သတင်းမီဒီယာတွေကို အဓမ္မပိတ်သိမ်းချိန်မှာပဲ ခက်ခက်ခဲခဲ ရပ်တည်ရတဲ့ ဒေသတွင်း သတင်းမီဒီယာတွေဟာ လူထုဆီ သတင်းမှန်ရောက်ရှိနိုင်ဖို့ ကြိုးစားရှင်သန် ရပ်တည်နေရ တာတွေလည်း ရှိနေပါတယ်။

ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့အယ်ဒီတာ ကိုစိုင်းမိန်းက “တနိုင်ငံလုံးကို လွှမ်းခြုံပြီး လုပ်နေရတဲ့ မီဒီယာတွေထက် ပြည်နယ်မှာအခြေစိုက်တဲ့ မီဒီယာတွေက၊ နယ်မှာ အခြေစိုက်တဲ့ မီဒီယာတွေက နှစ်ဆပိုပြီး အခက်အခဲဖြစ်ပါတယ်။ ရှမ်းသံတော်ဆင့်က နှစ်ပေါင်း ၃၀ လောက်မှာ တောက်လျှောက် စစ်ဘေးစစ်ဒဏ်က အမျိုးမျိုး အလူးအလိမ့်ခံရတယ်၊ နောက်ပြီးတော့ ဘဏ္ဍာရေး အခက်အခဲတွေ အရမ်းကြီးကို ခက်ခဲကြပ်တည်းတာတွေ ရှိတယ်။ ဒီအခက်အခဲတွေကြားထဲက ကျနော်တို့ ရှမ်းပြည်မှာ ကြုံတွေ့နေရတဲ့ လူထုအခက်အခဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရှမ်းပြည်လူထုအနေနဲ့ ဖွင့်ပြောဖို့ နေရာ မရှိတာတွေ၊ လူထုအတွက် ထွက်ပေါက်အနေနဲ့ ရပ်တည်ပေးနေတာ၊ ခွန်အား တွေနဲ့ ရပ်တည်ပေးနေတာဖြစ်တယ်။ နောက်ပြီးတော့ သတင်းသမားတွေ အခွင့်အရေး ဆိုတာထက် ကျနော်တို့တာဝန်ပါဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နေခဲ့တဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခုထိ ရပ်တည်လာနိုင်ခဲ့တယ်။ ကြုံတွေ့လာရတဲ့ အခက်အခဲက ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ပြောဆိုခွင့်၊ ရေးသားခွင့် လွတ်လပ်ဖို့က ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ကို လုံးဝတားခွင့်ရမှာ မဟုတ်ပါဘူး။ ကျနော်တို့ ရှင်သန်ဖို့ ဆက်လက်ရပ်တည်သွားနေမယ်” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ဖိနှိပ်တာတွေသာမက သတင်းရင်းမြစ်တွေ၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေ ဘယ်သူ့ကိုမဆို ဖမ်းဆီးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်လာနေသလို သတင်းမှားတွေကို ဝါဒဖြန့်လုပ်ဆောင်မှုတွေ ကြောင့်လည်း သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုဟာ ပိုပြီးတော့ ကြီးမားလာနေတာပါ။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေ၊ သတင်းတုသတင်းမှားတွေရဲ့ အကျိုးသက်ရောက်မှုတွေ ရှိ နေသလို လက်တွေ့ စစ်မြေပြင်သတင်းတွေ ရယူရမှာလည်း မြန်မာသတင်းမီဒီယာမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသေးတယ်။

ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့အယ်ဒီတာ ကိုစိုင်းမိန်းက“အဓိက ကတော့ နယ်တွေမှာ သတင်းရယူဖို့ကတော့ ကျနော်တို့ ကြုံရတဲ့ အခက်အခဲက တစ်အချက် ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ဘူး။ Low Profile နဲ့ နေနေရတယ်၊ နောက်ပြီးတော့မှ မီဒီယာလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ သယ်လို့မရဘူး၊ ကင်မရာတွေ သယ်လို့မရဘူး၊ နောက်ဆုံး ဒီ Notebook မှာ ရေးဖို့တောင် ရေးထားတဲ့ဟာတောင် လွတ်လွတ်လပ်လပ်ရေးပြီး သယ်လို့မရတဲ့ အနေအထားဖြစ်တယ်၊ အရမ်းအခက်အခဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ဖြန့်နေတဲ့ သတင်းတုတွေ၊ သတင်းမှားတွေကတော့ ရိုးနေပြီလို့ ပြောရမယ်။ နဂိုကတည်းက တိုင်းပြည်အပြောင်းအလဲ မဖြစ်ခင်ကတည်းက ဒီဆောင်ပုဒ် အမျိုးမျိုးတွေနဲ့ ဝါဒဖြန့်တယ်၊ ပြည်ထောင်စုမပြိုကွဲရေးတို့ဘာတို့ အဲလိုတွေ လျှောက်ပြောနေတာ လက်တွေ့မှာ ကျတော့ ပြည်ထောင်စု တည်မြဲဖို့ လုပ်နေတဲ့ လုပ်ရပ်တွေ မဟုတ်ဘူးဆိုတာ တချို့ကတော့ သိပြီးသားပါ။ ဒါကြောင့်မို့ စစ်ကောင်စီဘာပဲလုပ်နေ လုပ်နေ၊ ဒါက သူတို့အလုပ်၊ ကျနော်တို့ လုပ်ရမယ့်အလုပ်ကတော့ ထိန်ချန်ခံထားရတဲ့ လူထုခံစားနေရတဲ့ ခံစားချက်တွေ၊ ဝေဒနာတွေ ထုတ်ဖော်ပြောကြားနိုင်ဖို့ ကျနော်တို့က တထောင့်တနေရာမှာ ရပ်တည်ပေး နေပါတယ်ဆိုတာပါပဲ။ ဒီအတွက် ကျနော်တို့က ပညာပေးရတယ်၊ ပြောရဲဆိုရဲ တတ်အောင် ဂျာနယ်လစ်သင်တန်းတွေ ဆင်းလုပ်ရတယ်၊ ရဲဆေးလည်း ထိုးပေးရတယ်၊ စစ်မှန်တဲ့ သတင်းတွေ မှန်ကန်တဲ့ သတင်းတွေ လူထုလည်းပြောရဲဆိုရဲအောင်ပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နဲ့ ၂၁ ရက်တို့မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့က ထုတ်ပြန်လိုက်တဲ့ သတင်းရယူခွင့် အပေါ် ကန့်သတ်ချက်တွေကြောင့် သတင်းမီဒီယာတွေအနေနဲ့ စိုးရိမ်ခဲ့ရတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ထုတ်ပြန်ကြေညာခဲ့သလို အဆိုပါ အဖွဲ့အစည်း ၂ ခုက ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ ပြန်ကြားရေးဆိုင်ရာ မူဝါဒ၊ ကျင့်ဝတ် စည်းကမ်းတွေမှာ ပါဝင်တဲ့  အချက်အလက်အတချို့က သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို သက်ဆိုင်ရာနယ်မြေတွေထဲက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကြား ပွတ်တိုက်မှုအခြေအနေက ရှောင်ရှားနိုင်ဖို့၊ သတင်းသမားတွေ အသက်အန္တရာယ် ရှိနိုင်တဲ့ အခြေအနေတွေ မဖြစ်ပေါ်လာစေဖို့လည်း အရေးကြီးတာကြောင့် ထုတ်ပြန်ရတာဖြစ်ပြီးတော့ IPCM အနေနဲ့ သတင်းသမားတွေ မိမိကိုယ်ကို ထိန်းကျောင်းကြပ်မတ်ရေးစနစ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားကာ သတင်းသမားတိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်ကို ထုတ်ပြန်သွားဖို့ရှိနေတယ်လို့လည်း ဆိုပါတယ်။

DVB သတင်းဌာနက ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သတင်းမီဒီယာနဲ့ စပ်ဆက်လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်တွေအပြင် သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၁၇၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးခဲ့တဲ့ သတင်းထောက် ၄ ယောက်ရှိပြီး လက်ရှိ အကျဉ်းထောင်တွေထဲ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမားအယောက် ၅၀ ကျော်ဟာ အကျဥ်းကျနေဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဝရမ်းထုတ်တရားစွဲခံထားရတဲ့ သတင်းထောက် ၅၀ ထက် မနည်း ရှိနေပြီ ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခု ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ မြန်မာဟာ တရုတ်နိုင်ငံပြီးရင် သတင်းထောက်တွေကို ဖမ်း ဆီးထောင်ချမှုအများဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေပြီးတော့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၇၁ နေရာမှာ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံကို အကြီးမားဆုံး ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ် ဒုက္ခသည်တွေအရေး သတင်းယူတာကြောင့် ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးကို စစ်တပ်က ဖမ်းဆီးပြီးတော့ ထောင်ဒဏ် ၂ နှစ် ချခံရတဲ့ ဖြစ်ရပ်ကနေ အခုစစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာလည်း ရုပ်သံသတင်း ထောက်ဟောင်းလည်းဖြစ် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတဦးလည်းဖြစ်သူ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ချမှတ်ထားပါတယ်။

ရှင်ဒေဝီဟာ အရင်က ရုပ်သံသတင်းထောက်တဦးဖြစ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာအဖြစ် မှတ်တမ်းရုပ်ရှင်ပေါင်းအတော်များများ ရိုက်ကူးခဲ့သလို သိပ်မကြာခင်ကလည်း လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာဌာနက ထုတ်လွှင့် တင်ဆက်ခဲ့တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအကြောင်း "ကမ်းပါးပြိုခြင်း နှင့် လူမှုဘဝထိခိုက်မှုများ" အမည်နဲ့ ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ ဗီဒီယို ဆောင်းပါးကို အမေရိကန်အခြေစိုက် ဂရေစီဆု အဖွဲ့က အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံ သတင်းတင်ဆက်မှုဆု ချီးမြှင့်ခံထားရပါတယ်။

သတင်းမီဒီယာကဏ္ဍဟာ နိုင်ငံတိုင်းအတွက်အရေးပါတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်နဲ့အတူ ထပ်တူအရေးပါတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပြီး အဆိုပါ ၄ ရပ် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုဟာလည်း အရေးပါပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ အဘက်ဘက်က ထိုးစိုက်ဆင်းကျလာနေတဲ့ မြန်မာနိုင်ငံမှာတော့ ပြန်လည်တည့်မတ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စာ နယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်”ကို ထုတ် ပြန်ထားခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမယ့်အပြင် ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်း စေရေး ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်း ရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားဖို့အပါအဝင် အချက် ၇ ချက် ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

အခုနှစ်အတွက် ကမ္ဘာ့နိုင်ငံတွေက လက်ရှိ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အကျပ်အတည်းမှာ သတင်းစာပညာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ရဲ့ အရေးပါမှုကို အကျယ်တဝင့် ဆွေးနွေးနေကြပေမဲ့ မြန်မာနိုင်ငံကတော့ သဘာဝပတ်ဝန်းကျင်အရေးသာမက အဘက်ဘက်က ဘက်ပေါင်းစုံမှာ မီဒီယာသမားတွေဟာ ချိုးနှိပ်ဖိနှိပ်ခံပြီး ကြံ့ကြံ့ခံ ရပ်တည်နေကြဆဲဖြစ်ပါတယ်။

မြတ်နိုးအောင်

Photo Credit- UNESCO

ဆက်စပ်သတင်းလင့်ခ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013