DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အောက်တိုဘာ ၁ ရက်ကစပြီး နေ့စား အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်မည် 
DVB
·
May 2, 2024
ထိုင်းတွင် အောက်တိုဘာ ၁ ရက်ကစပြီး နေ့စား အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်မည် 
Donate to DVB

ထိုင်းနိုင်ငံမှာ ခုလာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး နေ့တွက် အနိမ့်ဆုံးလုပ်အားခကို  ဘတ်ငွေ ၄၀၀ ထိ တိုးမြှင့်ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ 

အလုပ်သမားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး၊ ဘဝအခြေခိုင်မာရေး၊ နိုင်ငံ့စီးပွားရေး တိုးတက်အောင် အတူတကွဝိုင်းတွန်းကြဖို့  လာမယ့်အောက်တိုဘာ ၁ ရက် ကစပြီး အနိမ့်ဆုံး လုပ်အားခကို ဘတ် ၄၀၀ အထိ တနိုင်ငံလုံး တပြေးညီ တိုးမြှင့်ပေးမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းအနုထင်း ချန်းဝီရကွန်းက  ဧပြီ  ၁ ရက် ဘန်ကောက်ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား ဖွင့်ပွဲမှာ ပြောကြားသွားပါတယ်။

အလုပ်သမားတွေရဲ့ နေ့တွက်လုပ်အားခ တိုးမြှင့်သတ်မှတ်ပေးဖို့အရေးဟာ ဒီဂျစ်တယ်လ်ငွေ (ဘတ် ၁၀၀၀၀) စီ ဝေငှပေးမယ့် ကိစ္စလိုပဲ အရေးကြီးတဲ့ မူဝါဒဖြစ်တယ်၊ အစိုးရအနေနဲ့ ဒီကိစ္စကို အလေးထားပြီး ဆောင်ရွက်သွားမယ်၊ အောက်တိုဘာဟာ အစိုးရဘတ် ဂျက်စီမံခန့်ခွဲတဲ့ ကာလလည်း ဖြစ်တယ်၊ အလုပ်သမားတိုင်းအတွက် ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။ 

အလုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပကာကလည်း အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၄၀၀ ကို အလုပ်အမျိုးအစားမရွေး၊ ခရိုင်ဒေသမရွေး အတူတူတိုးမြှင့်ပေးမယ်၊ အစိုးရ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းမယ်၊ အသေးစားလုပ်ငန်းရှင် SME တွေအနေနဲ့  မိမိအလုပ်သမားကို အဆိုပါနှုန်းထားအတိုင်း လုပ်အားခပေးဖို့ အခက်အခဲရှိပါက အစိုးရနဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၇ ခုမှာ နေ့တွက်လုပ်အားခ ဘတ် ၆၀၀ ထိ ရောက်ရှိဖို့ အခြေအနေကို လိုက်ပြီး တဖြည်းဖြည်းတိုးမြှင့်ပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး  အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ် နိုင်းဝီရဆုခ်ကတော့ နေ့တွက် လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ပေးတာ အလုပ်သမားတွေအတွက် ကောင်းကျိုးရှိတယ်၊ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ လိုက်ပြီးတက်မလာအောင်တော့ အစိုးရအနေနဲ့ ထိန်းချုပ်ပေးဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ထိုင်းမှာ လက်ရှိ နေ့တွက်လုပ်အားခ အမြင့်ဆုံး ဘတ် ၃၀၀ သာရရှိပြီး အချို့ခရိုင်တွေမှာ ၃၀၀ အပြည့်မရသေးပါဘူး။ နှစ်စဉ်လုပ်အားခ တိုးမြှင့်ပေးပေမဲ့ အခုလို ပမာဏများများ တိုးတာမဟုတ်ဘဲ တဘတ်၊ နှစ်ဘတ် စသဖြင့် နည်းနည်းချင်းသာ တိုးခဲ့တယ်၊ ဒါဟာ ကုန်ဈေးနှုန်း ခုန်တက်မသွားအောင် ဟန်ချက်ညီညီ ထိန်းချုပ်တာဖြစ်တယ်လို့ ယခင်အလုပ်သမားဝန်ကြီးက ပြောပါတယ်။ 

SOURCE: Bangkok Biznews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013