DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်နှင့် ရေဦးတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပစ်မှတ်ထားဖမ်းဆီး
DVB
·
May 1, 2024
မော်လမြိုင်နှင့် ရေဦးတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပစ်မှတ်ထားဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း စစ်ကောင်စီ အပြည့်အဝ စိုးမိုးထားနိုင်တဲ့ မြို့တခုဖြစ်တဲ့ မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၂ အတွက် လူရှာနေပြီး ညဘက်တွေမှာ ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ‌မြို့ခံတဦးက ပြောပါတယ်။

“မော်လမြိုင်နဲ့ ချောင်းဆုံကလွဲပြီး မွန်ပြည်နယ်ရဲ့ ကျန်တဲ့မြို့တွေက စစ်ရေးတင်းမာနေပြီး စစ်မှုထမ်းဖို့ ကောက်တဲ့သူတွေလည်း ခဏခဏ အသတ်ခံရတယ်လေ။ အဲဒါကြောင့် အဲ့ဘက်တွေမှာ ရဖို့မလွယ်တော့လို့ ဒီဘက်တွေမှာ ရသလို လိုက်ဆွဲနေတာ။”

စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို ည ၉ နာရီနဲ့ ည ၁၁ နာရီကြားမှာ ပစ်မှတ်ထား ဖမ်းဆီးပြီး စစ်သားစုဆောင်းတယ်ဆိုပေမဲ့ ငွေကြေးတတ်နိုင်သူတွေကို ငွေကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ တောင်းခံပြီး ပြန်လွှတ်ပေးပါတယ်။

မော်လမြိုင်မြို့ထဲမှာ နေထိုင်သူတဦးက “သူတို့က ပိုက်ဆံတတ်နိုင်တဲ့သူတွေကျတော့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတယ်။ ကလပ်တွေ ဘားတွေက ပြန်လာပြီး မိတဲ့သူတွေကို စစ်‌ထဲမဝင်ချင်ရင် သိန်း ၄၀၊ ၅၀ အထိ ပေးရမယ်ဆိုပြီး တောင်းတာ။ တော်တော်များများက စစ်ထဲမဝင်ချင်လို့ ပေးကြတာပဲ။ ဒီအချိန်က ဘယ်မှမသွားတာ ကောင်းပါတယ်” လို့ ပြောပါတယ်။

မော်လမြိုင်မှာ စစ်မှုထမ်းအပတ်စဉ် ၂ အတွက်ဆိုပြီး စစ်ကောင်စီက တပတ်ကျော်အတွင်း လူငယ်အမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူငယ် ၁၅ ဦးကို စစ်မှုထမ်းဖို့အတွက် ခေါ်သွားပြီး ၂၀ ကျော်ကို ငွေတောင်းပြီး ပြန်လွှတ်ခဲ့ပါတယ်။

မော်လမြိုင် မြို့စွန်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက လူစိမ်း ဝင် မဝင် ဧည့်စရင်း တောက်လျေှာက်စစ်ဆေးနေပြီး သူတို့နဲ့ အဆင်မပြေတဲ့အိမ်တွေက လူငယ်တွေကို စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး အကြောင်းကြားစာတွေ ပို့နေပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ တကက-၄ မှာ ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းကျောင်းမှာ သင်တန်းသား အယောက် ၂၀၀ ကျော် ရှိတယ်လို့ Burma Affairs And Conflict Study-BACA အစီရင်ခံစာအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်မှုထမ်းစာရင်းမှာ ထည့်သွင်းခံရတဲ့ လူငယ် ၉ ဦးကို စစ်ကောင်စီတ​ပ်သားတွေက ဧပြီ ၂၉ ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ပေါ် အောင်မင်္ဂလာရပ်ကွက်က အမျိုးသား ၄ ယောက်နဲ့ ရွှေပြည်သာရပ်ကွက်က အမျိုးသား ၅ ယောက် အဖမ်းခံရတယ်။ အောင်မင်္ဂလာရပ်ကွက်က အမျိုးသား ၄ ယောက်ကိုတော့ အိမ်ထဲအထိကို ဝင်ဖမ်းသွားကြတာ။ စစ်မှုထမ်းရမယ့်စာရင်းမှာပါလို့ ဖမ်းတာတဲ့” လို့ ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ မိသားစုနဲ့လည်း အဆက်အသွယ်မရသလို ဘယ်နေရာကို ခေါ်ဆောင်သွားမှန်း မသိရတဲ့အတွက် မိသားစုဝင်တွေ စိတ်သောကရောက်နေရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူရဲ့ မိသားစုဝင်တဦးက “စစ်မှုထမ်းစာရင်းမှာပါတယ်ဆိုတာ ကြိုမသိရဘူး။ အိမ်လာဖမ်းတော့မှ စစ်မှုထမ်းစာရင်းမှာ ပါတယ်ဆိုတာ သိရတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာ စုံစမ်းနေတာ မရသေးဘူး။ သူက ကျန်းမာရေးလည်း မကောင်းဘူး။ အစာအိမ်ရောဂါက ခဏခဏပြန်ထတယ်။ အစားအသောက်မှားလို့မရဘူး” လို့ ပြောပါတယ်။

ရေဦးမြို့နယ်မှာ စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းခံရလို့ ကြိုတင်သိရှိသူတွေရှိသလို မသိရသူတွေလည်း ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြပြီး တချို့မှာလည်း တခြားနယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013