DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်ကျင်းပသည့် ကမ္ဘာ့အလုပ်သမားနေ့ မြန်မာရွှေ့ပြောင်းလုပ်သားများပါဝင်
DVB
·
May 1, 2024
ထိုင်းတွင်ကျင်းပသည့် ကမ္ဘာ့အလုပ်သမားနေ့ မြန်မာရွှေ့ပြောင်းလုပ်သားများပါဝင်
1 / 8
Donate to DVB

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ မေဒေး ခေါ် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ နေရာအနှံ့မှာ ကျင်းပရာမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေပါ ပါဝင်ဆင်နွှဲပြီး ရသင့်ရထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုခဲ့ကြပါတယ်။ 

ဘန်ကောက် ဒီမိုကရေစီကျောက်တိုင်ကနေ အစိုးရးအိမ်တော်ထိ ချီတက်လမ်းလျှောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့လှုပ်ရှားမှုမှာ ထိုင်းအလုပ်သမားအဖွဲ့အစည်းတွေနဲ့အတူ မြန်မာလုပ်သား ၂၀၀ ကျော်လည်း ပါဝင်ဆင်နွှဲခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့  MWRN လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံက အလုပ်သမားတွေအနေနဲ့  ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့အညီ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်အားခရရှိရေး၊ အလုပ်သမားအရေးပေါ်ရန်ပုံငွေ ထားရှိရေး၊ အလုပ်သမားဘဏ်နဲ့ အလုပ်သမားလူမှုဖူလှုံရေးဌာန သီးသန့် ဖွင့်လှစ်ရေး၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး အလုပ်သမားတိုင်း ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု ခံယူရရှိရေး စတာတွေ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လတ်တလောမြန်မာနိုင်ငံက မတည်ငြိမ်မှုတွေ၊ တိုက်ပွဲတွေကြောင့် ပြည်သူတွေ အတော်များများ ထိုင်းနိုင်ငံထဲ ခိုးဝင်လာကြတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖွင့်ပေးဖို့နဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ MOU အလုပ်သမားတွေကိုလည်း မိမိနေရပ်ပြန်ပြီး သက်တမ်းတိုးစရာမလိုဘဲ ထိုင်းမှာပဲ သက်တမ်းတိုးလို့ရအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း  ထိုင်းအလုပ်သမားညီညွတ်ရေးသမဂ္ဂ Thai Labour Solidarity Confederation တာဝန်ခံ နိုင်းဆာဝစ် ကယောက်ဝမ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း MAP , HRDF , BEAM စတဲ့ ရွှေ‌ပြောင်း အလုပ်သမားအဖွဲ့အစည်းတွေဟာ ထိုင်းအလုပ်သမားအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့ကို ဆင်နွှဲခဲ့ကြပါတယ်။ 

အဖွဲ့အစည်းပေါင်း ၂၀ လောက်က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေ့ခင်းပိုင်းက ခရိုင်ဝန်ရုံးကို လမ်းလျှောက်ချီတက်လာပြီး တောင်းဆိုချက်တွေကို ပေးအပ်ခဲ့ပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ကတ်ကို ဟိုဌာန ဒီဌာန လျှောက်သွားဖို့မလိုဘဲ တနေရာတည်းအပြီး ဆောင်ရွက်ပေးဖို့၊ ထိုင်းအလုပ်သမား ရွှေ့ပြောင်းအလုပ်သမား ခွဲခြားမှုမရှိဘဲ မိမိလုပ်ကိုင်နိုင်တဲ့ အရည်အချင်းကိုလိုက်ပြီး လုပ်ငန်းအမျိုးအစားလုပ်ခွင့်ပြုဖို့၊ နိုင်ငံခြားသား အလုပ်သမားတွေကို တကြိမ်လျှင် ၄ နှစ်သာ အလုပ်လုပ်ခွင့်ပြုရာက ၅ နှစ်ထိ တိုးပေးဖို့၊  ဖွေ့ထိုင်းပါတီ မဲဆွယ်စဉ်က ကတိပေးထားတဲ့အတိုင်း အနိမ့်ဆုံးလုပ်အားခ ဘတ် ၆၀၀ တိုးမြှင့် ပေးဖို့  စသဖြင့် တောင်းဆိုခဲ့ပါတယ်။

အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုရာမှာ ခါတိုင်းနှစ်တွေလို စာပေးပို့ရုံသက်သက် မဟုတ်ဘဲ တောင်းဆိုချက်တွေကို  အလှူပဒေသာပင်လို ချိတ်ဆွဲပြီး တမူထူးခြား ပေးပို့ခဲ့တယ်။  ဘုန်းကြီးကျောင်းကို ပဒေသာပင်လှူတဲ့အခါ ဘုန်းကြီးတွေက လက်ခံသလို တာဝန်ရှိသူတွေလည်းပဲ သူတို့တောင်းဆိုချက်တွေကို မပစ်ပယ်ဘဲ လက်ခံဆောင်ရွက်ပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ထောင်းန်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ 

အဆိုပါတောင်းဆိုချက်တွေကို ခရိုင်ဝန်ကိုယ်စား ချင်းမိုင်အလုပ်သမားရုံး တာဝန်ရှိသူတဦးက လာရောက်လက်ခံရယူပြီး သက်ဆိုင်ရာဌာနတွေဆီ ဆက်လက်တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။

ညနေပိုင်းမှာတော့ ချင်းမိုင်မြို့လယ် ဘုရင်သုံးပါးရုပ်တုရှေ့မှာ လူစုပြီး ထာ့ဖဲဂိတ်ကို ချီတက်သွားကြမယ်၊ အဲဒီမှာ အလုပ်သမားရေးရာ ဆွေး‌နွေးဟောပြောပွဲနဲ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

မြန်မာအလုပ်သမားအများစု ဝင်ရောက်လုပ်ကိုင်နေတဲ့ မဲဆောက်မှာတော့ အခြေအနေအရ တနေရာတည်းမှာ စည်ကားစွာမလုပ်နိုင်သလို စီတန်းချီတက်တာလည်းမရှိဘဲ သူ့နေရာနဲ့သူ အလုပ်သမားနေ့အထိမ်းအမှတ် ဆွေးနွေးပွဲတွေ လုပ်တယ်၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)  အနေနဲ့လည်း မဲဆောက်မြို့ နောင်ဘွားအုပ်စုထဲမှာ အလုပ်သမား တွေ့ဆုံပွဲ ကျင်းပဖို့ရှိတယ်လို့  ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီကနေ့က ရာသီဥတုလည်း အရမ်းပူတယ်၊ အလုပ်သမားတွေကလည်း တနေရာကနေ တနေရာကို သွားလာရအခက်အခဲရှိတယ်၊  ခါတိုင်းလို လူစုလူဝေးလုပ်ရတာ မလွယ်ဘူး၊ ဒါကြောင့် နီးစပ်ရာ သူ့အစုအဖွဲ့နဲ့သူ လုပ်ကြတယ်၊ လေးငါးဖွဲ့လောက် ရှိမယ်ထင်တယ်။ ကျနော်တို့က တောင်းဆိုချက်တွေ ကြိုတင်ပြင်ဆင်ပြီးပြီ၊  ထိုင်းလိုဘာသာပြန်ပြီး ထိုင်းရှေ့နေများကောင်စီနဲ့ MFP ပါတီ လွှတ်တော် ကိုယ်စားလှယ်ကနေတဆင့် သက်ဆိုင်ရာကို ပေးပို့မှာဖြစ်တယ်။”

အဆိုပါတောင်းဆိုချက်တွေထဲမှာ လုပ်အားခ တနိုင်ငံလုံး တပြေးညီရရှိရး၊ အလုပ်သမားမှတ်ပုံတင် စာရွက်စာတမ်းကြေးတွေ လျှော့ချပေးဖို့၊ လူမှုဖူလှုံရေးဝန်ဆောင်မှု ဒီထက်လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်ပေးဖို့၊ MOU အလုပ်သမားကတ် သက်တမ်းကုန်သွားရင် မြန်မာပြည်မပြန်ရဘဲ ထိုင်းမှာပဲ လုံခြုံစွာ သက်တမ်းတိုးရဖို့၊ လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဘာသာပြန်လုံလောက်စွာ ထားရှိပေးဖို့၊ မြန်မာလုပ်သားတွေလည်း လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးသင်တန်းတွေ တက်ခွင့်ရဖို့၊  အလုပ်သမား သက်သာချောင်ချိရေးနဲ့ ဥပ‌ဒေဘောင်ထဲက ရွှေ့ပြောင်းအလုပ်သမားအသင်း ဖွဲ့စည်းခွင့်ရရေးတွေ တောင်းဆိုထားတယ်လို့ ဦးမိုးကြိုးက ပြောသွားပါတယ်။

Photo - MWRN

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013