DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ကော့ဘိန်းရွာသားများ နေရပ်ပြန်ရန် စိုးရိမ်နေ 
DVB
·
May 1, 2024
စစ်ဘေးရှောင် ကော့ဘိန်းရွာသားများ နေရပ်ပြန်ရန် စိုးရိမ်နေ 
Donate to DVB

မွန်-ကရင်နယ်စပ်  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာမှာ  စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီဘက်က ခေါ်ယူနေပေမဲ့ လုံခြုံမှုမရှိတဲ့အတွက်  ပြန်လည်ဝင်ရောက်မှာမဟုတ်ဘူးလို့  စစ်ရှောင်ပြည်သူတွေနဲ့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာနဲ့ မြေပြင်ကနေ သံချပ်ကာကားတွေသုံးပြီး   အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ 

ဧပြီ ၂၅ ရက်က ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာကို ဝင်ရောက်ပြီး ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ရွာမှာ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီဘက်က ခေါ်ယူခဲ့ပါတယ်။

MSFC ဌာနမှူး မိဆုတဂျိုက “စစ်ကောင်စီတွေရှိနေသရွေ့ကတော့ သူတို့စိတ်အေးချမ်းစွာ ပြန်လည်ဝင်ရောက်မှုမပြုနိုင်ဘူး။ သူတို့ရှိနေသရွေ့ကတော့ ပြေးလို့ရှိရင် မလွယ်ဘူး။ သူတို့အရမ်းပြန်ချင်တယ်။ ပြန်ထွက်လို့မလွယ်ဘူး။ စိတ်လုံခြုံလို့ ပြန်ကြပြီလားမေးရင်တော့  လုံးဝကို စိတ်မလုံခြုံဘူး။ ပြန်လည် မပြန်ကြသေးဘူး”လို့ ပြောပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀၀၀၀ ကျော် ၊ ဒေသခံ ၁ သိန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော်(MLA)၊ ပူးပေါင်းစစ်ကြောင်းတွေက  ခွာစစ်ဆင်ဆုတ်ခွာပေးခဲ့ပါတယ်။

အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး ပြည်သူလူထုကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားနေတယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ် တဦးက  ပြောပါတယ်။

“သူတို့က အခု အထဲ(ရွာ)ထဲမှာအရပ်ဝတ်တွေနဲ့နေကြတယ်။ နောက်ပြီး ဒေသခံပြည်သူလူထုပုံစံနဲ့ ပုံမှားရိုက်ပြီးနေတယ်။ ဖမ်းဆီးတာတွေ ရိုက်နှက်တာတွေ စစ်ဆေးတာတွေ လုပ်တယ်။ ပြီးရင် အပြစ်မဲ့ပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပစ်သတ်တာတွေရှိတယ်။ အဓိက က ပြည်သူ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားနေတယ်။”

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက်ပိုင်း ပစ်ခတ်ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် ပြည်သူ အယောက် ၃၀ ကျော်ရှိခဲ့တယ်လို့ မွန်ဖက်ဒရယ် ကောင်စီ(MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနတာဝန်ရှိသူဆီက သိရပါတယ်။

ဒါအပြင် စစ်ကောင်စီက စစ်ရှောင်ပြည်သူတွေကို ပြန်လည်ခေါ်ယူနေတဲ့အပေါ် အလွယ်မယုံဖို့နဲ့ အချိန်မရွေးစစ်က ဖြစ်လာနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ပြည်သူလူထုတွေအနေနဲ့ အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး။ စည်းစိမ်းဥစ္စာဆိုတာ အသက်မသေသေးရင် ပြန်ရှာလို့ရတယ်။ ရန်သူရဲ့ ပြောဆိုမှုအောက်မှာ ယုံလွယ်ပြီးတော့ သွားတဲ့လူတွေအတွက်က အန္တရာယ်များမယ်။ စစ်ကောင်စီကိုလွယ်လွယ်နဲ့ မယုံဖို့နဲ့ အချိန်မရွေးစစ်က ဖြစ်နိုင်တယ်။”

မတ် ၂၅ ရက်က ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက စစ်သင်္ဘော၊ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ဓမ္မသကျေးရွာအပါအဝင် အနီးအနားကျေးရွာက အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါအပြင် စစ်ကောင်စီက ခရုံဂူလမ်းဝကနေ ရမ္မာဝတီကားလမ်းတလျှောက်ကို ထိန်းချုပ်ထားပါတယ်။ 

 အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013