
ကချင်ပြည်နယ် ရွှေကူမြို့မှာ နေထိုင်တဲ့ပြည်သူတွေကို ထွက်ခွာတိမ်းရှောင်ဖို့ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) က စာထုတ်ပြန်လိုက်ပြီးနောက် ဒေသခံတွေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပေမဲ့ အခက်အခဲ တချို့ ရှိနေတယ်လို့ သိရပါတယ်။
ရွှေကူမြို့တွင်းမှာနေထိုင်တဲ့ ပြည်သူတွေကို ထွက်ခွာတိမ်းရှောင်ထားကြဖို့ KIA က ဇွန် ၈ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။ အခုလို KIA ဘက်က စာထုတ်ပြန်ထားတာကြောင့် အချိန်မရွေး တိုက်ပွဲပြင်းထန်နိုင်တဲ့အတွက် ဒေသခံတွေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ ရွှေကူ ဒေသခံတယောက်က ပြောပါတယ်။
“တချို့က ဆိုင်ကယ် မရှိတဲ့သူတွေလည်း ရှိတယ်။ မသိသေးဘူး၊ ဘယ်လိုလုပ်ကြမလဲဆိုတာ။ စစ်ရှောင်တွေလည်း သတင်းကြားတော့ အကုန်လုံး စိုးရိမ် စိတ်ညစ်နေကြတယ်။ ဈေးသည်တွေ ရော။ အခုချက်ချင်းကတော့ တချို့က ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အရင်ရှောင်ဖို့ ပို့ဖို့ လုပ်နေကြတယ်။ နည်းနည်းဝေးတဲ့နေရာကိုပေါ့။ အကုန်လုံးကတော့ အရမ်းစိတ်ညစ်နေကြတယ်။”
ထုတ်ပြန်ချက်ထဲမှာ တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး ရွှေကူလမ်းမကြီး အားလုံးကို ဇွန် ၈ ရက်ကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ် ထားပါတယ်။
ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ တော်လှန် - လမ်းကူး - စီသာ - မိုးကင့် - စီဖွား လမ်းပိုင်းကိုသာ အသုံးပြုရမယ်လို့ ဆိုပါတယ်။
ထွက်ခွာတိမ်းရှောင်ခြင်း မရှိဘဲ မြို့တွင်းနေထိုင်နေတဲ့ ပြည်သူတွေကို နောက်ဆက်တွဲ တစုံတရာ ထွက်ပေါ်လာခဲ့ရင် KIO/KIA အနေနဲ့ လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်း KIA တပ်မဟာ (၁၁)၊ အမှတ်(၁၂) တပ်ရင်းမှူး လက်မှတ်ရေးထိုးပြီး သတိပေးထုတ်ပြန်ထားတာပါ။
ဇွန် ၄ ရက် မနက်က ရွှေကူမြို့နယ် စီသာရွာ တိုက်နယ်ဆေးရုံ လေယာဉ်ဗုံးကြဲခံရပြီးနောက် ရွှေကူ မြို့နယ်ထဲက ဒေသခံတွေ တိမ်းရှောင်ဖို့ ဖြစ်လာခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါ တယ်။
“၄ လမ်းဆုံအောက်က ၅ လမ်းဆုံကတော့ တရက်ပဲ အချိန်ပေးတယ်။ အမြန်အမြန်ရွှေ့ဆိုပြီး စနေနေ့က အကုန်ရွှေ့ပြောင်းကြပြီ။ နွားတွေ ဘာတွေလည်း မွေးထားတဲ့ တိရစ္ဆာန်တွေလည်း အကုန်ထားခဲ့ရတယ်တဲ့။ အဲဒီဘက် စစ်ရေးပြင်းထန်လာလို့ဆိုပြီး အကုန်ရွှေ့ပြောင်းကြတာ။ စနေနေ့ နောက်ဆုံးပြောင်းရွှေ့ဖို့ အချိန်ပေးလို့ အကုန်ရွှေ့ကြပြီ။ ဟိုရက်က စီသာမှာ ဆေးရုံကို လေယာဉ် ဗုံးကြဲ ခံရပြီးတဲ့နောက် နည်းနည်း ရှုပ်ယှက်ခတ်သွားတာပေါ့။ ၅ လမ်းဆုံတွေက စနေနေ့ကတည်းက ပြောင်းကြပြီ။ ဒီနေ့တော့ မြို့ထဲနေတဲ့သူတွေ ပြောင်းရွှေ့ဖို့ဖြစ်လာပြီ။”
ငအိုး − ရွှေကူမိန်းလမ်းတလျှောက်လုံးကို စစ်တပ်ဘက်က မိန်းလမ်းမကြီးတလျှောက် ကားကင်း တွေ ချကာ ခြေကုပ်ယူထားပြီး အဲ့ဒီနေရာတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ် တိုက်ခိုက်တာတွေကြောင့် နှစ်ဖက်မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကတည်းက ရွှေကူမြို့နယ် ၅ လမ်းဆုံနဲ့ ငအိုးဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငအိုးကို ရောက်ရှိလာတဲ့ စစ်အာဏာရှင် စစ်ကြောင်းတွေဟာလည်း ရွှေကူဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ လမ်းတလျှောက် တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အပြည့်အဝ ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။
ဟန်န











