
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ အညာဒေသဟာ လက်ရှိမှာလည်း ရေဘေးဒဏ်ကိုပါ ထပ်မံရင်ဆိုင်နေရသလို စစ်အုပ်စုရဲ့ ဆေးဝါးသယ်ယူခွင့်နဲ့ လမ်းခရီး ကန့်သတ်ထားမှုတွေကြောင့် ကူညီပေးနေတဲ့ ပရဟိအဖွဲ့တွေ ရောက်ရှိနိုင်မှု အားနည်းနေသလို ရေဘေးသင့်ပြည်သူတွေမှာလည်း အကူအညီရရှိမှု အားနည်းနေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဆည်ရေတွေ ရုတ်တရက် စွန့်ထုတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မူးမြစ်ရိုးတလျှောက်က ရွာပေါင်း ၂၀၀ နီးပါး ရေဘေးသင့်ပြီး၊ စစ်ဘေးရှောင် ပြည်သူတွေဟာ နှစ်ထပ်ကွမ်း ရေဘေးဒဏ်ကိုပါ အလူးအလဲ ခံစားနေကြရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ လူဦးရေ ၄ သိန်းကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတာပါ။
ဒါ့အပြင် ရေဘေးကြောင့် နေအိမ်တွေ ရေနစ်မြုပ်ခဲ့သလို၊ စိုက်ပျိုးမြေဧက သောင်းနဲ့ချီ ရေလွှမ်းမိုးခံခဲ့ရပါတယ်။ ရေဘေးသင့်ဒေသ အများစုဟာ စစ်ဘေးဒဏ် ခံထားရတဲ့ ဒေသတွေ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေလည်း ရေဘေးကို ထပ်မံရင်ဆိုင်နေရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။
ဒါပေမဲ့ အညာဒေသရှိ ရေဘေးသင့်ဒေသတွေကို သွားရောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့တွေမှာ စစ်တပ်ဂိတ်တွေက ဖြတ်သန်းခွင့်မပေးတာ၊ ဆေးဝါးသယ်ယူခွင့် မရတာ စတဲ့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ပရဟိတအဖွဲ့တွေ ကြုံတွေ့နေရတဲ့ လမ်းကြောင်းပိတ်ဆို့မှု အခြေအနေကို Vitamins အဖွဲ့ အမှုဆောင်တယောက်က “အညာဒေသဘက်ကကျတော့ လမ်းကြောင်းအနေအထားအရ လာမပေးနိုင်တဲ့ဟာမျိုးတွေ ရှိမယ်။ ပြီးတော့ စစ်တပ်ဘက်ကနေပြီး လမ်းတွေ ပိတ်ထားတဲ့ အတွက်ကြောင့်မို့လို့ စစ်ကိုင်းတံတားဆိုလည်း ပိတ်ထားတာမျိုး၊ မန္တလေးဘက်ကနေ လာချင်တဲ့ ပရဟိတ အဖွဲ့တွေ ရှိသလို ရန်ကုန်ကနေပြီး ကူညီချင်တဲ့ ပရဟိတတွေလည်း လာချင်တယ်ပေါ့နော်။ ဒါပေမဲ့လို့ ဒီလို လမ်းကြောင်းတွေ ပိတ်ထားတာတွေရော၊ သူတို့လမ်းမှာဖြတ်ရမယ့် စစ်တပ်ဂိတ်တွေမှာ လိုအပ်တဲ့ ဆေးဝါးရိက္ခာတွေကို ကြားထဲကနေပြီး ဖြတ်စားမှာမျိုး၊ သူတို့အတွက် လုံခြုံရေး အန္တရာယ်ရှိနေတဲ့အပေါ်မှာ ပရဟိတတွေကလည်း မလာနိုင်ဘူးပေါ့။ အညာကျတော့ စစ်တပ်က ပိုပြီးတော့ ပိတ်ဆိုထားတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အညာဒေသ ပြည်သူတွေကတော့ စစ်ဒဏ်ရော အခုရေဘေးဒဏ်ကိုပါ အလူးအလဲခံနေရတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒါ့အပြင် အင်တာနက် ပြတ်တောက်နေတာ၊ ကယ်ဆယ်ရေးသုံး စက်လှေတွေ လုံလောက်မှု မရှိတာနဲ့ ကားလမ်းတွေ ရေနစ်မြုပ်နေတာတွေကြောင့် ကယ်ဆယ်ရေးပစ္စည်းတေါ သယ်ယူပို့ဆောင်ရေးနဲ့ အကူအညီရရှိရေးမှာ ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ရေဘေးကြောင့် လူ ၁၆ ယောက် သေဆုံးခဲ့ပြီး၊ ပျောက်ဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ရေကျသွားတဲ့ အချိန်မှာ နေအိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့၊ ပျက်စီးသွားတဲ့ အိမ်သာတွေကို ပြန်ပြင်ဖို့နဲ့ သောက်သုံးရေသန့် ရရှိဖို့က အရေးတကြီး လိုအပ်ချက်တွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒေသတွင်း စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ကျနော်တို့ ကူညီရေးပိုင်းကတော့ လုံလောက်မှုဆိုတာတော့ ကျနော်တို့မရှိဘူးပေါ့ဗျာ။ ဖြစ်တဲ့နယ်မြေက ကျယ်ပြန့်တော့လေ လုံလောက်မှုဆိုတာတော့ မရှိဘူး။ လက်ရှိ ကျနော်တို့ ရေကျပြီးတဲ့အချိန်မှာ အဓိကလိုအပ်မှာကတော့ နေအိမ်တွေရယ်၊ နောက် အိုးခွက်ပန်းကန်တွေရယ်ပေါ့နော်။ အဲနောက်ပြီးတော့ ကျနော်တို့ အိမ်သာပေါ့။ ယင်လုံအိမ်သာတွေကို ကျနော်တို့ ပြန်လည်ပြုပြင်တည်ဆောက်ရမှာတွေပေါ့နော်။ အဲနောက်ပြီးတော့ ရေကောင်းရေသန့်ရဖို့ အခက်အခဲတွေ ရှိမယ်ပေါ့နော်၊ အဲဒါတွေကတော့ အရေးပေါ် လိုမှာပေါ့နော်။ နောက်ပြီးတော့ တောင်သူတွေ လယ်ယာမြေတွေ ပျက်စီးသွားတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒါအတွက်လည်း ဒါကူညီထောက်ပံ့မှုတွေ ဒါ ကျနော်တို့လိုဦးမယ်ဗျ။ အဲဒါတွေလည်း ကျနော်တို့ လုပ်စရာတွေ ရှိသေးတယ်ပေါ့လေ” လို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် ဩဂုတ် ၁၃ ရက်နေ့အထိ မုတ်သုံလေ အားကောင်းနေတာကြောင့် သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေရဲ့ မြစ်ရေဟာ မိုးသည်းထန်စွာ ရွာသွန်းပါက ထပ်မံမြင့်တက် လာနိုင်တယ်လို့ NUG က သတိပေးထားပါတယ်။
ဒါကြောင့် စစ်ဘေး၊ ရေဘေး နှစ်ထပ်ကွမ်းဒဏ်ကို ခံစားနေရတဲ့ အညာဒေသ ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနဲ့ အမိုးအကာတွေ အရေးပေါ် ပံ့ပိုးပေးနိုင်ဖို့ နိုင်ငံတကာနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။










