Home
ဆောင်းပါး
မြဝတီမှာ ဘယ်သူတွေ ဘယ်လို ရှုပ်ကြသလဲ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
May 1, 2024

တရက်တည်းနဲ့ ဗုံးအလုံး ၁၅၀၊ ၂၀၀ ကြဲချခံခဲ့ရတဲ့ မြဝတီမြို့ဟာ အခုတော့လည်း ဘာဆိုဘာမှ မဖြစ်ခဲ့သလိုလို ဘာလိုလိုနဲ့ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိနေတာ တွေ့ရတယ်။ ဧပြီ ၂၁ ရက်က ထိုင်းနိုင်ငံဘက်အထွက် မြန်မာဘက်က ပိတ်ထားတဲ့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်။ အမှတ် ၁ တံတားရဲ့ မြန်မာဘက်ခြမ်းမှာ အကြမ်းဖက်စစ်သားတွေ စောင့်နေတာလည်း ပြန်တွေ့ရတယ်တဲ့။

မြဝတီမြို့ထဲက ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဟာလည်း အရင်နဲ့မခြား မင်းအောင်လှိုင် ဘက်တံဆိပ်နဲ့ မင်းအောင်လှိုင် အုပ်ချုပ်ရေးနဲ့။ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ထဲမှာလည်း သိပ်မကြာသေးခင်က နေ့သေမလား၊ ညသေမလားဆိုတဲ့ စစ်သားတွေ အရက်ခိုးတဝေဝေနဲ့ မြဝတီကို ဘယ်သူ ထပ်သိမ်းဦးမှာလဲလို့ ဟားတိုက် လှောင်ပြောင်နေရော့သလား။ မြဝတီမြို့ လုံခြုံရေးကိုတော့ KNA လို့ နာမည်ပြောင်းထားတဲ့ BGF တွေက တာဝန်ယူထားသတဲ့။

“ခင်ဗျား မယုံရင် မြဝတီမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အကြောင်း မသိထားတဲ့သူတယောက်ကို အခု မြဝတီမြို့ထဲ ခေါ်ပြပြီး မနေ့တနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ပြောပြကြည့်လိုက်။ ယုံတယ်ဆို လည်ဖြတ်ခံတယ်” တဲ့။ ဖေ့စ်ဘွတ်ခ်မိတ်ဆွေ အနေကြာ မြဝတီသားတဦးက ဆိုရဲ့။

ဒါပေမဲ့ အမှန်တကယ်ကို မြဝတီမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ ဧပြီ ပထမပတ်ကတည်းက မြဝတီမြို့ လုံခြုံရေး အဓိကကျားကန်ပေးမှုတခုဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်ရင်းတွေကို KNLA ပူးပေါင်းတပ်က ပြတ်ပြတ်သားသား သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ လက်နက်ချဖို့ရာ ငြင်းဆန်နေတဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ကို KNLA ပူးပေါင်းတပ်က ဧပြီ ၉ ရက်မှာ ဝင်တိုက်။ ဧပြီ ၁၀ ရက် ညရောက်တော့ မသေဘဲကျန်ခဲ့တဲ့ စစ်သား ၂၀၀ လောက်ဟာ အသက်ကို ဖက်နဲ့ထုပ်ကာ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနားက ကားဝင်းသို့ ပြေးဆင်း။ တိုက်ပွဲဆင်ရခက်တဲ့ နယ်စပ်မျဉ်းဘေး အကာအကွယ် ပြေးယူခဲ့ကြတယ်။

ဧပြီ ၁၀ ရက် ညကတည်းက မြဝတီ (Sold Out) ဆိုတဲ့အသံ ပြည်သူ့ရင်ပြင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် အားပြင်းလှတဲ့အရှိန်နဲ့ ခုန်တက်ခဲ့တယ်။ မြဝတီသတင်းဟာ KNLA ပူးပေါင်းတပ် မြဝတီမြို့တွင်း စတင်ဝင်တဲ့အချိန်ကတည်းက မြန်မာနိုင်ငံတဝန်း အောင်ပွဲခံ စစ်မျက်နှာတွေကို နောက်ကောက်ကျစေတဲ့အထိ ပြည်သူစိတ်ဝင်စားမှု အားအကောင်းဆုံး ဖြစ်ခဲ့တယ်။

မြဝတီဆိုတာ အရှေ့တောင်အာရှသို့ဝင်ရာ တံခါးမကြီးတချပ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီး ဘယ်ကြာလိမ့်မလဲ။ KNLA က မြဝတီကို ဘယ်တော့သိမ်းမလဲလို့ အထင်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြတဲ့ နေရာ။ အခု မြဝတီကို သိမ်းလိုက်ပြီဆိုတော့ ကျွဲကူးရေပါ မြဝတီနားက လေးကေ့ကော်မြို့သစ်ကိုလည်း မကြာမီ သိမ်းပိုက်နိုင်တော့မှာ သေချာပြီတဲ့။ လေးကေ့ကော်မှာ လွတ်လပ်စွာ ရှင်သန်ခဲ့ဖူးတဲ့ မဲဆောက်ရောက် နိုင်ငံရေးတိမ်းရှောင်တွေ လက်သီးလက်မောင်း တန်းကြတယ်။ မြဝတီနဲ့ လေးကေ့ကော်မှာကြားကာလအုပ်ချုပ်ရေး စတင်ပြီဆိုတာနဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရမယ့် ကိုယ့်ပြည်ကိုယ်ရွာ မြဝတီနဲ့ လေးကေ့ကော် ပြန်ကြတော့မယ်တဲ့။ အိပ်မက်တွေ ဘာတွေ အကြီးအကျယ် မက်ကြတယ်။ ထားတော့။

ဆက်ရရင် သတင်းတချို့က ခလရ ၂၇၅ စစ်သားတွေ သူတို့တပ်ရင်းကနေ အမှတ် ၂ တံတားနား ထွက်ပြေးရာမှာ BGF တွေက ကူညီပို့ဆောင်ပေးခဲ့တာကြောင့် ဘေးကင်းခဲ့တယ်လို့ ဆိုတယ်။ ပြီးတော့ အဲဒီစစ်သားတွေ တံတားနားက ငတ်မသေအောင်  BGF ကပဲ ရိက္ခာတွေ ပို့ဆောင် ကူညီပေးနေတယ်လို့လည်း ဆိုတယ်။

အဲဒီလိုသတင်းတွေကြောင့် BGF တွေ ဗလောင်းဗလဲ လုပ်နေပြီလားလို့ အများပြည်သူ စတင်တွေးနေခိုက် ဧပြီ ၁၉ ရက် ညမှာ KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့ အာရုံက တိုက်ပွဲဆီသာ ပြန်စိုက်ကျသွားကြတယ်။

ဧပြီ ၂၀ ရက်မှာ စစ်တပ်က အပြင်းထန်ဆုံး ဗုံးကြဲခြင်းနဲ့ တုံ့ပြန်တယ်။ မင်းအောင်လှိုင်တို့ ထုံးစံအတိုင်း ဘယ်သူတွေ ဘာပြောမလဲဆိုတာ ဂရုမစိုက်။ ထိုင်းတင်မက နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့ အမှတ် ၂ တံတားနားက တိုက်ပွဲကို လေကြောင်းပစ်ကူတွေနဲ့ ခုခံ။ တံတားနားရပ်ကွက်က အိမ်တွေထဲလည်း ဗုံးကြဲချ၊ ပြည်သူတချို့လည်း သေဆုံးခဲ့ရပြီး ထိုင်းဘက်ခြမ်းကို ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးစစ်ရှောင်ကြရတယ်။

အဲဒီတိုက်ပွဲဟာ တံတားနားက စစ်သားတွေ မပြုတ်မချင်း တာရှည်သွားမယ်လို့ အားလုံးက ယူဆထားကြပေမဲ့ ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ရုတ်တရက် ဘရိတ်ဆောင့်ဆွဲလိုက်သလို တိခနဲ တိုက်ပွဲရပ်သွားတယ်။ ဘာကြောင့် တိုက်ပွဲရပ်သွားရတာပါလဲ။ နောက်ထပ် ၁ ရက်၊ ၂ ရက် ဆက်ဖိတိုက်ရင် တံတားနားက စစ်သားတွေ အကုန်မသေရင် လက်နက်ချ အဲဒီ ၂ လမ်းကနေ တခြားရွေးစရာ မရှိတော့တဲ့ အနေအထား။

သတင်းတွေ တက်လာတယ်။ KNLA ပူးပေါင်းတပ် မြဝတီမြို့ကနေ ယာယီဆုတ်ခွာခဲ့ပြီတဲ့။ နောက်ထပ် သတင်းတွေ ဆက်တက်လာတယ်။ အကြမ်းဖက်စစ်တပ်နဲ့ ကရင်လက်နက်ကိုင်တွေကြား ညှိနှိုင်းခဲ့ပြီးနောက် တိုက်ပွဲရပ်သွားတာလို့ ထိုင်းစစ်တပ် အဆင့်မြင့်အရာရှိတဦးက ဘီဘီစီ ထိုင်းဌာနကို ပြောတယ်တဲ့။ BGF နဲ့ DKBA (ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်) ရဲ့ သတင်းရင်းမြစ်တွေက ပြည်သူထိခိုက်မှုနည်းတဲ့လမ်းကို ကရင်ခေါင်းဆောင်တွေက တိုင်ပင်ဆုံးဖြတ်ခဲ့တယ်လို့ ဘီဘီစီကို ပြောတယ်တဲ့။ ကေအန်ယူ ပြောခွင့်ရ ပဒိုကလယ်ဆေးက မြဝတီတိုက်ပွဲရပ်ဖို့ စစ်တပ်နဲ့ ကေအန်ယူကြား ညှိနှိုင်းတာ လုံးဝမရှိဘူးလို့ ဆိုသတဲ့။ BGF နဲ့ DKBA ပြောတဲ့ ကရင်ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးကြတယ် ဆိုတဲ့နေရာမှာ ကေအန်ယူခေါင်းဆောင်တွေ ပါ၊ မပါကိုတော့ မသိရပါဘူး။

သေချာတာက BGF တပ်ကို ပေးထားတဲ့ လက်နက်တွေ ပြန်မအပ်ရင် ရွှေကုက္ကိုလ်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုနဲ့ ဧပြီ ၂၀ ရက်၊ အမှတ် ၂ တံတားနားက ရပ်ကွက်တွေထဲထိပါ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြခြင်းက တိုက်ပွဲကို တုံးတိကြီး ရပ်သွားစေတယ်လို့ ယူဆရပါတယ်။

တိုက်ပွဲရပ်သွားတာဟာ ကရင်လက်နက်ကိုင်တချို့ရဲ့ မြဝတီမြို့တွင်း အကျိုးစီးပွားတွေ ထိခိုက်မှာကြောင့်မဟုတ်ဘဲ လက်မရွံ့ မင်းအောင်လှိုင်တပ်ရဲ့ ပြည်သူ့အိုးအိမ်တွေကို ပစ်မှတ်ထား ဗုံးကြဲမှာကြောင့် ဖြစ်တယ်လို့ အကြောင်းပြချက် ပေးနိုင်ပေမဲ့ အမှတ် ၂ တံတားကနေ ခလရ ၂၇၅ တပ်ရင်းဆီ စစ်သားတွေကို အလုံးလိုက် ပြန်ခေါ်လာကာ တပ်ရင်း ပြန်အပ်တာကျတော့ BGF အနေနဲ့ အကြောင်းပြလို့ မရတော့ပါဘူး။

ဧပြီ ၂၃ ရက်မှာ BGFတွေက တံတားနား သွေးပျက်နေတဲ့ စစ်သားတွေကို ခလရ ၂၇၅ တပ်ထဲ ပြန်ပို့ကာ တပ်ပြန်အပ်လိုက်တာဟာ BGF ခေါင်းဆောင် စောချစ်သူရဲ့ ဗလောင်းဗလဲ စိတ်ဓာတ်ဖြစ်ပြီး ဒီမိုကရေစီပြည်သူတိုင်းက ရွံရှာကြရပါတယ်။ ပြောရရင် စောချစ်သူက မြဝတီမြို့ကို စစ်အုပ်စုလက်ထဲ ပြန်အပ်ကာ BGF တွေရဲ့ မြဝတီမြို့နယ်တွင်း အာဏာကို ချဲ့ထွင်လိုက်ခြင်းပါပဲ။

မြဝတီမြို့ကို သေနတ်မောင်းတင်စရာတောင် မလိုဘဲ လေချွန်မပျက် စစ်အုပ်စုက ပြန်သိမ်းလိုက်နိုင်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေဟာ တချိန်မှာ ထွက်ပေါ်လာမှာဖြစ်ပြီး တာဝန်ရှိသူတွေ အသေအချာ တာဝန်ခံရပါလိမ့်မယ်။

အခုဆိုရင် မြန်မာနိုင်ငံတဝန်းက မြို့ပေါင်း ၅၀ ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ မြဝတီလို ဖြစ်စဉ်မျိုး ဘယ်မြို့၊ ဘယ်တိုင်းရင်းသားဒေသမှာမှ မဖြစ်ခဲ့ဖူးပါဘူး။ အခု မြဝတီဖြစ်စဉ်ဟာ အကျိုးစီးပွား အဖြာဖြာနဲ့ ရှုပ်ထွေးလွန်းလှတဲ့ ကရင်နိုင်ငံရေးကို ဖော်ပြနေပါတယ်။

မြဝတီဆိုတာ ပါးစပ်ထဲရောက်ပြီး မျိုချခါနီးမှ ပြန်ထွေးထုတ်လိုက်ရတာပါ။ မြဝတီကို နောက်တကြိမ် ထပ်သိမ်းမယ်ဆိုရင်တော့ ဘယ်ပြည်သူကမှ ယုံကြည်တော့မှာ မဟုတ်ပါဘူး။

ဝင်းမိုး

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024