DVB Logo
Home
Lead Story
သင်းသတ်ခံနေရတဲ့ မေဒေး (ဆောင်းပါး) 
DVB
·
May 1, 2024
သင်းသတ်ခံနေရတဲ့ မေဒေး (ဆောင်းပါး) 
Donate to DVB

မေလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ ဖြစ်သည်။ ဤနေ့ကား အလုပ်သမားများ၏ သမိုင်းတခုအဖြစ် မှတ်တိုင်ထူနိုင်ခဲ့သော နေ့ထူးနေ့မြတ်ဖြစ်သည်။ သမိုင်းမှတ်တိုင်တခု ဖြစ်တည်လာဖို့အတွက် အရင်းအနှီးကား ကြီးမားလှ၏။ အလုပ်သမားများ၏ ဘဝ၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ကြရသည်။

သမိုင်းတလျှောက်တွင် အဖိနှိပ်ခံ အလုပ်သမားများအပေါ် လူကို လူလို တန်ဖိုးထား ဆက်ဆံခွင့် ရရှိရေးအတွက် အသက်ကိုရင်းပြီး တိုက်ပွဲဝင်ခဲ့ကြရသည်။ ကျွန်ပိုင်ရှင်စနစ် တော်လှန်ရေး၊ စက်မှုတော်လှန်ရေးတို့တွင် ပေးဆပ်တိုက်ပွဲဝင်ခဲ့ရသော သားစဉ်မြေးဆက် အလုပ်သမားများ၏ လက်ဆင့်ကမ်း တော်လှန်ရေးကား နှစ်ရှည်ကြာလာခဲ့ပြီ။

၁၈၈၆ ခုနစ်၊ မေလ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာကိုမြို့၏ နိုင်ငံတဝန်းရှိရာ အလုပ်သမားများသည် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အ‌ခြေအနေများနှင့် တနေ့အလုပ်ချိန် ၈ နာရီသာ ခိုင်းစေရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ မေလ ၄ ရက်၊ ချီကာဂိုမြို့ Haymarket ရင်ပြင်တွင် ငြိမ်းချမ်းစွာ စုဝေးတောင်းဆိုနေသော အလုပ်သမားများအားလုံး ဗုံးခွဲ ဖြိုခွင်းခံရသည့်အတွက် ရာနှင့်ချီသော အလုပ်သမားများ အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ လူအများစု ထိခိုက်ဒဏ်ရာရခဲ့သည်။ ဤဖြစ်စဉ်အရ အာဏာကို အလွဲသုံးစားပြုသူနှင့် လူသားချင်း အလေးထားမှုကို လိုလားသော အလုပ်သမားများ၏ လှုပ်ရှားမှုမှာ တကမ္ဘာလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

အလုပ်သမားများ၏ ရပ်တည်ချက်နှင့် တောင်းဆိုချက်မှာ ငြိမ်းချမ်းစွာ စုပေါင်းတောင်းဆိုခြင်း၊ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အ‌ခြေအနေများနှင့် တနေ့အလုပ်ချိန် ၈ နာရီသာ ခိုင်းစေရန် ဖြစ်သည်။ လက်နက်ရှိသူတို့၏ အကြမ်းဖက်မှုကြောင့် အလုပ်သမားများ ပိုစုရုံးလာကြသည်။

ပြည်တွင်းပြည်ပအင်အားများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်သူအများ ပါဝင်ဖြည့်ဆည်းလာနိုင်ကာ နိုင်ငံရေးတက်ကြွမှုနှင့် လူမှုရေးတရားမျှတမှုတို့အတွက် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအထိ လက်နက်ကို လူအင်အားနှင့် တိုက်ယူနိုင်ခဲ့သည်။ အလုပ်သမားသတ္တိကို တကမ္ဘာလုံးသိအောင် သက်သေပြနိုင်ခဲ့သည်။ ဤကား အလုပ်သမားများ၏ သမိုင်းဝင် မေးဒေးနေ့အဖြစ် မွေးဖွားပေးလိုက်နိုင်သည့် သူရဲကောင်း အလုပ်သမားများ၏ မှတ်တမ်းပင်ဖြစ်သည်။

ကမ္ဘာတည်သရွေ့ ဆက်လက်တည်ရှိနေမည့် မေဒေးနေ့ အထိမ်းအမှတ်များလည်း နိုင်ငံအလိုက် ဆက်လက်ကျင်းပနေဦးမည်။ မေဒေးနေ့ အခမ်းအနားများလည်း ဆက်လက်ရှိနေဦးမည်။ သို့သော် မေဒေးတောင်းဆိုချက်များကို မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ လက်ခံရရှိနေပါသလား။ မြန်မာနိုင်ငံအတွင်းရှိ စက်ရုံ အလုပ်ရုံ၊ ဆောက်လုပ်ရေးနှင့် အခြားသော နေ့စား ပုတ်ပြတ်လုပ်သားများ (ကျား/မ) တို့မှာ ယနေ့အချိန်ထိ လုပ်အားခေါင်းပုံဖြတ်မှု၊ အလုပ်ချိန် ၈ နာရီအထက် ပိုမိုခိုင်းစေမှု၊ အချိန်ပိုခိုင်းစေပါက အလုပ်ရှင် အလုပ်သမား သဘောတူညီမှု ရယူခြင်းမရှိ (ရှိပါကလည်း အဓမ္မ လက်မှတ်ရေးထိုးခိုင်းမှု)၊ အချိန်ပိုကြေးပေးရာတွင် သတ်မှတ်စည်းကမ်းနှင့် မကိုက်ညီမှု၊ သင့်တင့်သော လုပ်ငန်းခွင်နှင့် လုပ်ခလစာခံစားခွင့် အပြည့်မရရှိခြင်းက မေဒေးသမိုင်းမှ တောင်းဆိုပေးခဲ့သော အလုပ်သမား ရပိုင်ခွင့်များကို သရော်နေသယောင် ထင်ရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းရှိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လုပ်ငန်းခွင်အသီးသီးမှ အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂနှင့် အဖွဲ့ဝင်များလည်း ပြည်သူလူထုနှင့်အတူ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ သပိတ်အင်အားများ ဖြိုခွဲခံရပြီးနောက် လုပ်ငန်းခွင်ဆက်ဝင်ကြရာတွင် အလုပ်ရှင်ဘက်မှ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်များအပေါ် အကြောင်းပြချက်မရှိ အလုပ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လာပြီး အခြေခံလစာတိုးတောင်းသည့် အလုပ်သမားများကို စစ်ကောင်စီတပ်၊ ရဲကို တိုင်ကြားပြီး ဖမ်းဆီးစေခြင်း၊ အလုပ်ထုတ်ခြင်းများကို ပြောင်ပြောင်တင်းတင်း လုပ်လာသကဲ့သို့ အလုပ်သမားရုံးများ၏ အလုပ်ရှင် အလုပ်သမား ပြဿနာ ညှိနှိုင်းဖြေရှင်းမှုမှာလည်း အလုပ်သမားဘက်ကိုသာ ဖိအားပေးလာသည့်အတွက် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများ၏ လက်တွေ့ဘဝမှာ ပေးတာယူ၊ ရတာစား၊ လက်ရှိအလုပ် မပြုတ်ရေးအတွက်သာ အရေးကြီးသည်ဟုသာ ခံယူထားကြရသည်။ မေဒေးတောင်းဆိုချက်များနှင့် ကင်းကွာလာသော မြန်မာအလုပ်သမားများဘဝ၏ တစိတ်တပိုင်းပင် ဖြစ်သည်။

လူကိုလူလို တန်ဖိုးထားဆက်ဆံခွင့် ရရှိရေးအတွက် ကမ္ဘာတဝန်းရှိ အဖိနှိပ်ခံ အလုပ်သမားများက အသက်ကိုရင်းပြီး တိုက်ပွဲဝင်ခဲ့ကြရသည်မှာ ၁၃၈ နှစ် ရှိပါပြီ။ မေဒေးနေ့ အခမ်းအနားများကို ပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ ပြင်ဆင်နေသော နိုင်ငံများလည်း အများအပြားဖြစ်ပြီး အဆိုပါနိုင်ငံများတွင် ပြည်တွင်းပြည်ပ အလုပ်သမားများ၏ တန်ဖိုးကို အလေးထား ဆက်ဆံပေးခြင်း၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် အလုပ်သမားများအပေါ် အလေးထား ဆက်ဆံပေးခြင်းဖြင့် မေဒေးသမိုင်း၏ ရည်ရွယ်ချက်ကို လက်ဆင့်ကမ်း ထိန်းသိမ်းနေကြပါသည်။

အာဏာရှင်လက်အောက်ရှိ မြန်မာနိုင်ငံတွင်တော့ အနယ်နယ်အရပ်ရပ်မှာရှိနေသည့် အလုပ်သမားများ၏ ဘဝလုံခြုံရေးအန္တရာယ်၊ အလုပ်လက်မဲ့ ဖြစ်တည်မှုကြောင့် ပြည်ပထွက်ခွာ အလုပ်ရှာပြန်သော်လည်း နိုင်ငံတကာရောက် အလုပ်သမားများမှာ လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီး လူကုန်ကူးခံနေရသူများလည်း အများအပြားရှိလာခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ ပွဲစားအလိမ်ခံရမှု၊ အလုပ်အကိုင် အထောက်အထား မပြည့်စုံမှုကြောင့် ကျွန်တယောက်ကဲ့သို့ ဆက်ဆံခံနေရဆဲဖြစ်ပြီး သင်းသတ်ခံထားရသော မေဒေးနေ့ရက်ပင်။    ။

မကြီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013