Home
ဆောင်းပါး
ဘဝတက္ကသိုလ် (သို့မဟုတ်) ရာဇဝတ်မှု နည်းပညာသင်ကြားရေး အတတ်ပညာသင်ကျောင်း
DVB
·
April 30, 2024

မြန်မာနိုင်ငံထောင်တွေကို ဘဝတက္ကသိုလ်လို့လည်း အကြောင်းအမျိုးမျိုးနဲ့ ထောင်က လွတ်လာသူတွေက တင်စားခေါ်ဝေါ်ကြပါတယ်။

တကယ်က ထောင်တွေက ပြုပြင်ပြောင်းလဲရေးစခန်းတွေ ဖြစ်သင့်တာ၊ အခုတော့ အဲဒီလို မဟုတ်ဘူး။ သာမန် လူပေါင်းမှား၊ အပေါင်းအသင်းမှားပြီး ထောင်ထဲရောက်သွားသူ တယောက်က ထောင်ကလွတ်လာရင် အနည်းဆုံး သူခိုးကြီးတယောက်အထိကို ကျွမ်းကျင်သွားတာ၊ သာမန် သူခိုးလေးတယောက်က ထောင်ထဲရောက်သွားရင် သူခိုးအကြီးစားကြီးဖြစ် စသဖြင့် ရာဇဝတ်မှုကြီးတွေ ကျူးလွန်တတ်စေဖို့ သင်ကြားပေးတဲ့ တက္ကသိုလ်ကြီးတခုပါ။

ထောင်တွေထဲမှာက ပြစ်မှုအလိုက်၊ ထောင်ကျနှစ်တွေအလိုက် ကြီးသူ၊ များသူတွေက ထောင်ထဲမှာ တန်းစီး၊ အခန်းလူကြီး၊ မိန်းဂျေး၊ ထောင်ကျရုံး စတဲ့နေရာတွေမှာ ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်ခံရပြီး စိတ်ကြိုက်ခြယ်လှယ်ခွင့် ရခဲ့ကြပါတယ်။ နောက်တခုက ထောင်အကြိမ်ကြိမ် ကျဖူးသူတွေကလည်း အလားတူ ထောင်ထဲမှာ နေရာရကြပါတယ်။

တခြား ငွေဘယ်လောက်တတ်နိုင်တတ်နိုင်၊ ထောင်ထဲက တထောင်လုံး တန်းစီးချုပ်လို နေရာမျိုးကိုတော့ ငွေဘယ်လောက် ပေးနိုင်ပေးနိုင် မရကြပါဘူး။ တန်းစီးချုပ်လိုနေရာမျိုးက လူသတ်မှု အကြိမ်ကြိမ်ကျူးလွန်ဖူးပြီး ထောင်ခဏခဏ ကျဖူးသူ၊ အနည်းဆုံး သူနေထိုင်ရာ မြို့တမြို့လုံးမှာရှိတဲ့ ရာဇဝတ်သား၊ လူမိုက်အားလုံး ကြောက်ရတဲ့သူ၊ တမြို့လုံးရဲ့ လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းချသူတွေအားလုံးကို ချုပ်ကိုင်ထားနိုင်သူတွေကိုပဲ တထောင်လုံး တန်းစီးချုပ်လို ရာထူးမျိုး ပေးပါတယ်။

အဲဒီ တန်းစီးချုပ်လုပ်သူက တထောင်လုံးကို ဘယ်နေရာသွားသွား၊ အခမရှိ ဓားမရှိ သွားလာခွင့် ရှိတယ်၊ ထောင်ပိုင် အပါအဝင် ထောင်မှူးတွေ ထောင်ထဲကို လှည့်ပတ်ရင် Bodyguard လို လိုက်ရတယ်။

ထောင်ထဲကနေ ထောင်ပိုင်၊ ထောင်မှူးတွေအတွက် ငွေရှာပေးရတယ်။ သူတို့ကို ထောင်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းချခွင့် ပေးထားတယ်။ အဲဒါကလည်း ထောင်ဝန်ထမ်းတွေနဲ့ အကျိုးတူ စီးပွားရေးတခုပါပဲ။ ထောင်ကို ငွေရှာပေးရတာတွေကတော့ ထောင်ထွက်တွေ အများစုက ရေးပြခဲ့လို့ လူတိုင်းသိပြီးသားနေမှာပါ။

အကျဉ်းအားဖြင့် ထောင်ထဲကိုရောက်တာနဲ့ ဘောက်ချာဝင်ရပါတယ်၊ အနိမ့်ဆုံးအဆင့် မိလ္လာသွားတဲ့နေရာမှာ မအိပ်ရအောင်၊ မိလ္လာမခတ်ရအောင်၊ အရင်တုန်းကတော့ မိလ္လာကို စဉ့်အိုးတွေထဲကို တညလုံး သွားထားရတာကို မနက်တန်းဖွင့်တာနဲ့ တညလုံး အကျဉ်းသား ၇၀-၈၀ ခန့်သွားထားတဲ့ မိလ္လာအိုးတွေကို တံပိုးနဲ့ထမ်းပြီး မိလ္လာသွန်ရတဲ့နေရာကို သွားစွန့်ရတာပါ။ ပြီးတော့ မိလ္လာအိုးတွေကို ရေဆေးရတာပါ။ အဲဒါတွေမလုပ်ရဖို့အတွက် ငွေပေးရတာပါ။

နောက်ထပ် အလုပ်ကြမ်းမလုပ်ရဖို့၊ တောင်ယာမလုပ်ရဖို့၊ ရဲဘက်မသွားရဖို့တွေ အတွက်လည်း ငွေပေးရပါတယ်။ ဒါ့အပြင် ထောင်နံရံအုတ်ရိုးတွေ၊ ထောင်အတွင်းခန်းတွေကနေ တထောင်လုံး ဆေးသုတ်တာ၊ တခုခုဆောက်တာ၊ အခန်းသော့ကနေ ထောင်ထဲက အရာရာအတွက် အကျဉ်းသားတွေက ငွေပေးရပါတယ်။ အဲဒီကိစ္စအဝဝတွေအတွက် တန်းစီးချုပ်၊ တန်းစီး၊ အခန်းလူကြီး၊ စည်းကမ်းထိန်းသိမ်းရေး စတဲ့သူတွေက အကျဉ်းသားတွေထံကနေ ငွေကောက်ခံပြီး ထောင်အာဏာပိုင်ကို ပေးရပါတယ်။

ထောင်အကြီးအသေးပေါ်မူတည်ပြီး ဈေးကတော့ အစားစားရှိပါတယ်။ ဈေးသာကွာသွားတာ ငွေမပေးရတဲ့ထောင်ဆိုတာတော့ မရှိပါဘူး။ ထောင်တွေမှာက ရာဇဝတ်အကျဉ်းသားတွေကြားမှာ အဲဒီလို ပြတ်ပြတ်သားသား လုပ်ဖို့က သူတို့အားလုံး ကြောက်မယ့်သူကိုမှ ရွေးပြီးခိုင်းမှ အဆင်ပြေမှာပါ။ မသနားတတ်သူ၊ ရက်စက်တတ်သူ၊ မိုက်ရိုင်းတတ်သူတွေကို ရွေးပြီးခန့်မှ အဆင်ပြေမှာလို့ ထောင်က မှတ်ယူထားပါတယ်။

တစုံတရာ လက်လွန်ခြေလွန် ဖြစ်တာကနေ လူသတ်မှုအထိ ဖြစ်ခဲ့ရင်တောင် ထောင်က သူတို့လူအတွက် ကာကွယ်ပေးနိုင်ပါတယ်။ ထောင်ထဲမှာ အကျဉ်းသားတယောက် သေဆုံးသွားရင် လျှောက်လွှာတစောင်ပဲကုန်ပြီး ထောင်ထဲက ဝက်တကောင် သေသွားခဲ့ရင် အဆင့်ဆင့်ရှင်းရတယ်၊ လျော်ရတယ်လို့ ထောင်စကားအနေနဲ့ ပြောလေ့ရှိပါတယ်။

အဲဒီမှာ တန်းစီးချုပ်က သာမန် ထောင်ဝန်ထမ်းတွေထက်ကို ပိုပြီး အာဏာရှိပြီး သူကလည်း သူ့ကိုအနိုင်ယူပြီး သူ့နေရာကို လုမယ့်သူတွေရန်ကို ကာကွယ်ဖို့အတွက် အာဏာပါဝါ တည်ဆောက်ရပါတယ်။ အဲလို တည်ဆောက်တဲ့နေရာမှာ သာမန် ဇရှိသူ ရွက်ပုံးသီး လူမိုက်လေးတွေကို ရွေးရသလို သူ့လောက်နာမည်မရှိပေမဲ့ အရပ်ထဲနဲ့ ရပ်ကွက်တွေထဲမှာ နာမည်ရထားတဲ့ လူမိုက်လေးတွေကိုပါ တပည့်မွေးရပါတယ်။

အဲဒီအချိန်မှာ သာမန် တန်းမဝင်တဲ့ လူမိုက်လက်သစ်ကလေးတွေကလည်း သူတို့ဟာ သူတို့ ဂိုဏ်းအဖွဲ့နိုင်‌တော့ လူမိုက်ကြီး၊ တန်းစီးချုပ်ကြီးထံမှာ တပည့်ခံရပါတယ်။ ဒါမှလည်း သူတို့ ထောင်ထဲမှာ အနေအစားချောင်မှာ ဖြစ်တယ်။ အဲဒီတော့ တန်းစီးချုပ်ကြီးရဲ့ မျက်နှာရအောင် တန်းစီးချုပ်က ဟိတ်ဆိုတာနဲ့ ခုနက လူမိုက်ပေါက်စက ပြေးရိုက်ပေးရတာတို့၊ ကန်ကြောက်ပေးရတာတို့ လုပ်ပေးရတာ။ နောက် တန်းစီးချုပ်တွေ ခိုင်းသမျှကို သူတို့ လုပ်ပေးရတော့တယ်။ အဲဒီမှာ မူးယစ်ဆေးဝါတို့ ဘာတို့ကလည်း တန်းစီးချုပ်ကိုယ်စား သူတို့ကပဲ ရောင်းပေးရတာ။ အဲဒီတော့ အပြင်မှာ မူးယစ်ဆေးဝါး‌ မြင်တောင်မမြင်ဘူးတဲ့ သူတွေလည်း ဆေးရောင်းပေးရင်း သူပါသုံးတတ်လာပြီး နောက်တော့ ထောင်ကလွတ်‌တော့ မူးယစ်ဆေးဝါး ရောင်းချတဲ့သူတယောက် ဖြစ်လာခဲ့တော့တာပေါ့။ ထောင်ထဲကတတ်လာတဲ့ ပညာတွေပေါ့။

ထောင်ထဲကသင်တန်းများ

တက်တူးထိုးမလား၊ ဂေါ်လီထည့်မလား၊ ခါးပိုက်နှိုက်ပညာသင်မလား၊ ဖောက်ထွင်းတာနဲ့ သော့ဝိဇ္ဇာပညာသင်မလား၊ လိမ်နည်းတွေသင်မလား၊ တို့ဆေးပညာသင်မလား အကုန် ထောင်ထဲမှာရှိသလို လူမိုက်သင်တန်း၊ ဗေဒင်သင်တန်း၊ အင်္ဂလိပ်စာနဲ့ တခြား ဘာသာစကားသင်တန်း၊ ပန်းချီသင်တန်း၊ ပန်းပု၊ အနှိပ်သင်တန်း၊ ဂီတသင်တန်း၊ ဆေးရှူနည်း၊ ဆေးထိုးနည်း၊ ဆေးထိုးအပ်မလို ခန္ဓာကိုယ်ထဲကို မူးယစ်ဆေးဝါး အမြန်သွင်းနည်း၊ လက်မှုပညာသင်တန်းအမျိုးမျိုး ထောင်ထဲမှာ အကုန်သင်လို့ ရပါတယ်။

နိုင်ငံရေးနဲ့ ထောင်ကျသူတွေထဲကတောင် ထောင်ထဲကနေ ပန်းချီ၊ ပန်းပုတွေ တတ်သွားတာ၊ ဗေဒင်ပညာသင်ပြီး အပြင်ရောက်တော့ ဗေဒင်ဟောစားသူတွေတောင် ရှိပါတယ်။

ပန်းချီနဲ့ ပန်းပုပညာတွေကလည်း နိုင်ငံရေးနဲ့ ထောင်ကျသူတွေ အများစု သင်ယူ ပြန်သင်ပေးတာတွေ လုပ်ကြပါတယ်။ ထောင်ထဲမှာ အိမ်တွေက ထောင်ဝင်စာတွေမှာ ထည့်ပေးလိုက်တဲ့ အမွှေးဆပ်ပြာ အရောင်စုံလေးတွေကို ဝါးဓားလေးတခုတည်းနဲ့ ဘုရားရုပ်တုလေးတွေ ထုစစ်ကြတာ၊ တချို့က ဆပ်ပြာပေးပြီး အော်ဒါအပ်ကြသလို တချို့က ထုစစ်ပြီးသား ဘုရားရုပ်တုလေးတွေကို ပြန်ဝယ်ကြတာပါ။ အဲဒီအပြင် ရွှံ့နဲ့လုပ်တဲ့ အရုပ်ကလေးတွေ၊ ဘုရားဆင်းတုလေးတွေလည်း ထောင်ထဲမှာ ထုစစ်ကြတဲ့အတွက် အဲဒီကနေ ဝါသနာပါသူတွေက တဆင့် သင်ယူကြပါတယ်။

အရင်ခေတ်တွေတုန်းကဆိုရင် ထောင်ထဲမှာ စာရွက်စာတမ်း၊ သတင်းစာ၊ ဝတ္ထုကနေ ဆေးလိပ်ဖင်ဆီခံ စာရွက်အထိ ကိုင်လို့မရပါဘူး။ နိုင်ငံရေးအကျဥ်းသားတွေကတော့ မနက်မိုးလင်းကနေ ညနေမိုးချုပ်သွားတဲ့အထိ ထောင်ထဲမှာ ရက်တွေကို ထိုင်ဖြုန်းနေရတော့ အချိန်တွေ အမြန်ကုန်စေမယ့် နည်းလမ်းအနေနဲ့ ဆေးပေါ့လိပ်တွေမှာသောက်ပြီး ဆေးလိပ်ကုန်သွားတော့ ဖင်ဆီခံလေးကိုဖြည်ပြီး မြန်မာ့အလင်းနဲ့ ကြေးမုံ စတဲ့ သတင်းစာတွေမှာပါတဲ့ အတိုအစ သတင်းလေးတွေ ဖတ်ကြ၊ သိမ်းထား ဝှက်ထားပြီး တရွက်နဲ့တရွက် ဆက်စပ်ကြည့်ကြ၊ တယောက်ရတာနဲ့တယောက် ဖလှယ်ကြ စပ်ကြည့်ကြရင်းနဲ့ ဘယ်နေ့ကဖြစ်နိုင်တယ်၊ ဘာသတင်းဖြစ်နိုင်တယ်၊ စသဖြင့် တဖက်သတ် ရေးထားတဲ့ သတင်းစာဖြတ်ပိုင်းလေးတွေကနေ သတင်းဖတ်ကြရပါတယ်။

အဲဒီကနေ အင်္ဂလိပ်သတင်းစာ ဖင်ဆီခံလေးပါလာလို့ကတော့ ရွှေပေါ့။ အဲဒီထဲမှာပါတဲ့ မပြည့်မစုံ အင်္ဂလိပ်စာလေးကို ဘာသာပြန်ကြ၊ မသိတဲ့စာလုံးပါလာရင် သိတဲ့သူကို မေးကြရင်း အဓိပ္ပာယ်သိရတော့ အလွတ်ကျက်ကြပေါ့။ အဲဒီလိုနဲ့ အင်္ဂလိပ်စာကို လေ့လာကြရင်း နောက်တော့ အောက်လိုင်းကနေ အင်္ဂလိပ်စာအုပ်တွေ ခိုးသွင်းပြီး ဆက်လက်လေ့လာကြရင်း နောက်တော့ ထောင်ကလွတ်သွားပြီး နိုင်ငံတကာသတင်းစာတိုက်တွေမှာ အယ်ဒီတာတွေ ဖြစ်နေတဲ့ သူတွေအထိ ရှိပါတယ်။

နောက် တချို့က ထောင်ထဲမှာပဲ အလုပ်ကြီးဘုတ်တွေကနေ ရတဲ့ သစ်သားပြားကို ဖလက်တံလုပ်ပြီး၊ ဂီတာ၊ မယ်ဒလင်၊ ဒုံမင်းတွေလုပ်ပြီး တီးကြ ပြန်သင်ပေးကြတာ။ ဒိုရေမီဖာကနေ နိုင်ငံတကာ (Note) တွေအထိ ရေးတတ် ဖတ်တတ်သူတွေ ဘာတူရိယာပစ္စည်းမှမရှိဘဲ ပါးစပ်ကထွက်တဲ့ အသံ အနိမ့်အမြင့်နဲ့ အသံစနစ် တေးသီချင်း ရေးသားခြင်းတွေကိုလည်း သင်ယူတတ်မြောက်ခဲ့သူတွေလည်း များစွာရှိပါတယ်။ ဒါက နိုင်ငံရေးအကျဥ်းသားတွေဘက်က သင်ပေး သင်ယူမှုတွေပါ။

ရိုးရိုးအကျဥ်းသားတွေဘက် ဆိုရင်လည်း တချို့လူငယ်လေးတွေက တက်တူးထိုးချင်တော့ တက်တူးထိုးတတ်တဲ့သူဆီမှာ ခိုင်းသမျှ ကူညီလုပ်ပေးပြီး တပည့်ခံတယ်၊ နောက်တော့ သူ့ကိုယ်ပေါ်လည်း တက်တူးထိုးနိုင်သွားသလို သူပါတတ်မြောက်သွားတယ်၊ အပြင်ကျ လုပ်စားဖြစ်မဖြစ်တော့ မသိပါဘူး။

အရင်ခေတ်တွေတုန်းကတော့ သာမန် ခိုးမှုနဲ့ကျလာသူ တချို့ကတော့ အထဲရောက်တော့ ခါးပိုက်နှိုက်ပညာ သင်ကြတယ်၊ အိမ်ဖောက်ထွင်းတဲ့ပညာ သင်ကြတယ်။ အဲဒီလူတွေကို ကြည့်လိုက်ရင် အမြဲတမ်း ဘိလပ်ရည်ပုလင်းအဖုံးကို လက်မနဲ့ လက်ညှိုးကြားမှာထားပြီး အားနဲ့ဖိပြီး ကွေးသွားနိုင်တဲ့အထိ လေ့ကျင့်ကြတယ်။ သူတို့ အဲလိုကျင့်ပြီး လေ့ကျင့်ခန်းတွေ သင်ခန်းစာတွေ လုပ်ကြတဲ့အတွက် သူတို့လက်တွေက အတော်အတန်ကြီးတဲ့ ဆွဲကြိုးတကုံးကို လက်မ လက်သည်းနဲ့ ဖြစ်လိုက်ရုံနဲ့ သူတို့လက်ထဲ ပါသွားနိုင်တယ်။

အရင်‌တုန်းကတော့ ၁၀ ပြားစေ့ကို မြိရှနေအောင် တဖက်ကိုသွေးထားတာ၊ အဲဒီ ၁၀ ပြားစေ့ကို လက်ညှိးနဲ့ လက်ခလယ်ကြားထဲထည့်ပြီး ညှပ်ထားပြီး အခွဲလေ့ကျင့်ကြတာ။ အပြင်ရောက်တော့ ခါးပိုက်နှိုက်ဝိဇ္ဇာတွေ ဖြစ်ကုန်ကြတာပေါ့။

နောက်တဖွဲ့က လက်ညှိုးနဲ့ လက်မကို နေ့စဉ်ထိုင်ပြီး ကျောက်ပြားနဲ့ သွေးတဲ့အဖွဲ့၊ သူတို့က ပညာကတော့ အနည်းအပါးလောက်ပဲ သိခဲ့ရတယ်။ သူတို့က ဖဲဝိဇ္ဇာအဖွဲ့၊ ဖဲကို သူတို့သွေးထားတဲ့ လက်ညှိုး၊ လက်မလေးနဲ့ ပွတ်ကြည့်ရင်း ခံစားပြီး အောက်ကဖဲချပ်က အပွင့်ဘယ်နှပွင့်လဲ ဆိုတာကို စမ်းကြတာ၊ နောက်ထပ် ဖဲချိုးနှပ်ကြောင်းပေးတာတွေကအစ လက်အယူအဆ ကိုင်ပုံကိုင်နည်း စတာတွေ သင်ပေးတာ။

နောက်တဖွဲ့က သော့တွေကို အနီးအနားမှာရှိတဲ့ ပစ္စည်းတွေနဲ့ ဖွင့်တာ၊ မာစတာကီးတွေ လုပ်တာ။ ကိန်းဂဏန်းတွေနဲ့ဖွင့်ရတဲ့ သော့‌‌တွေကို  ဖွင့်တာ၊ တချို့ဝိဇ္ဇာတွေဆိုရင် သူတို့ဒေသက ရဲတွေက သူတို့ကို လက်ထိတ်မခတ်ရဲဘူး။ လက်ထိတ်က အလွယ်ဆုံးပဲတဲ့ ဖွင့်ရတာ။ နောက်ပိုင်း ခွေးသွားစိတ်လို ဒစ်တွေပါတဲ့ လက်ထိတ်တွေ ပေါ်လာတယ်။ အဲဒါက သူတို့လို သော့ဝိဇ္ဇာတွေကို ကြောက်လို့ လက်ထိတ်တမျိုး ပေါ်လာတာ၊ အဲဒီလက်ထိတ်က ရုန်းလေ ပိုကြပ်လာလေပဲ။ ဒါပေမဲ့လည်း နောက်တော့ အဲဒီလက်ထိတ်လည်း သူတို့အတွက် အလွယ်လေးပဲ။

ရှားရှားပါးပါး တွေ့ခဲ့တာက တို့ဆေးသမားတချို့ပါပဲ။ သူတို့ကတော့ တော်တော်လေး သိုသိပ် လျှို့ဝှက်ကြတာ။ ဒါပေမဲ့ အဲဒီပညာသင်ချင်ကြတဲ့ လူငယ်တွေကတော့ အားထုတ်ကြပါတယ်။ သူတို့ပြောပြကြတာတော့ အင်္ဂလိပ်ဆေး ၂ မျိုး၊ ၃ မျိုးကို ရောပြီး သုံးကြတာရှိသလို ဖားပြုတ်ဆီနဲ့လည်း လုပ်ကြပါတယ်။ ဖားပြုတ်ဆီသမားကတော့ ဆေးလိပ်ထဲထည့်ပြီး ဆေးလိပ်မီးခိုးနဲ့ မှုတ်ပစ်ပြီး တဖက်ကို ထုံထိုင်းစေတာလို့ ပြောပါတယ်။ လုပ်မယ့်သူကတော့ သံပရာသီးတလုံးတို့၊ တခြမ်းတို့ ငုံထားရတယ်။ အခန့်မသင့်ရင် လုပ်တဲ့သူပါ ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

ထောင်ထဲမှာတောင် လိမ်လည်မှုတွေနဲ့ ကျလာသူတွေကို ကြည့်လိုက်ရင် သူတို့က အရမ်း Smart ကျကျ နေတတ်၊ ထိုင်တတ်၊ စားတတ်သူတွေပါ။ သူတို့က လူတွေကို အမြဲကူညီတတ်ပြီး သူ့ပတ်ဝန်းကျင်က လူအားလုံးက သူ့ကို ချစ်ခင် ကြည်ညိုအောင် ညှို့စားနိုင်တတ်သူတွေပါ။ သူက ပြောဖူးတာက လူလိမ်တယောက်ဖြစ်ဖို့က အတင်းလုပ်ယူလို့မရဘူးတဲ့၊ ပင်ကိုပါလာတဲ့ အရည်အသွေးတဲ့။ ဒါကြောင့် သူကတော့ လူတိုင်းကို သင်‌ပေးလို့မရဘူးတဲ့။

ကြုံခဲ့ဖူးသူ ဘိုးတော်ကြီးတယောက်ဆိုရင် ပထမတော့ သူက လိမ်လည်မှုနဲ့ ထောင်ကျခဲ့သူလို့တောင် မထင်ရက်စရာပဲ။ နေ့စဥ် အဖြူရောင် စတစ်ကော်လာနဲ့ သဘက်လေးတထည်နဲ့ တချိန်လုံးလည်း တရားပဲ ထိုင်နေတတ်တာ။ ကြာတော့မှ သူ့အကြောင်း သိခဲ့တာက သူက မြန်မာတပြည်လုံးကို ပတ်လိမ်နေတာ၊ နောက်ဆုံး စစ်တပ်ကို ရောင်းစားဖို့ လုပ်တော့မှ ထောင်ထဲ ရောက်လာခဲ့တာ။

နောက် ထောင်ထဲမှာ လိင်အင်္ဂါကို ပုံစံအမျိုးမျိုးပြင်သူတွေ နည်းပညာကလည်း အံ့မခန်းပါပဲ။ သူတို့ကို ကြည့်လိုက်ရင် တနေကုန် ပုလင်းဖင်အကွဲတခုကို ရက်ပေါင်းများစွာကြာအောင် ဂေါ်လီလုံးသေးသေးလေးတွေအဖြစ် သွေးနေကြတာ၊ သွားပွတ်တံကို အလယ်က မောင်းလေးတခု ထွင်းပြီး ထိပ်ကို မြနေအောင် သွေးနေတာကို တွေ့နေရသလို သူတို့ဖန်တီးမယ့် အရာကို တနေကုန်ထိုင်ပြီး သနေတာမျိုးတွေ တွေ့ရပါတယ်။

ထောင်ထဲမှာ မူးယစ်ဆေးဝါးက ဈေးပေါပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီအတိုင်းပါပဲ။ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာတော့ ထောင်ထဲမှာ မြင်းဆေးတလုံးကို ကျပ် ၁,၅၀၀-၂,၀၀၀ လောက်အထိကို ဖြစ်သွားပါတယ်။ ဆေးခြောက်နဲ့ အရက်ကတော့ ထောင်ထဲမှာ ဈေးကြီးပါတယ်။ အရင်က သောက်ပြီး စိတ်ကြွပြီး ပြဿနာတက်တတ်လို့ ရန်ဖြစ်တတ်လို့၊ ပုလင်းလိုက်သွင်းရင် ခက်ခဲလို့ဆိုပြီး ဈေးကြီးပါတယ်။ နောက်ပိုင်း တချို့ထောင်တွေမှာ အရက်ကို အခဲလုပ်သွင်းတာ၊ အုန်းသီးစိတ်ထဲကို အရည်ကိုစုပ်ခိုင်းပြီး ထောင်ထဲမှာ ထောင်ဝင်စာကနေ အုန်းသီးစိတ်ကို ထောင်ထဲရောက်အောင် သွင်းလိုက်ရင် အထဲကလူတွေက အုန်းသီးစိတ်စားပြီး မူးလို့ရတယ်။ တချို့ထောင်တွေမှာ အဲဒီနည်းနဲ့ အရက်မှီဝဲကြတယ်။

တခြားနည်းပညာတွေလည်း များစွာရှိနေခဲ့ပြီး တယောက်ကနေ တယောက်ကို ပြန်လည်သင်ပေးတာ၊ သင်ယူတာတွေ လုပ်ကြရင်း ထောင်ကနေ ဗေဒင်ဆရာတွေ၊ ပန်းချီ၊ ပန်းပုဆရာတွေ၊ တေးရေးဆရာတွေ ထွက်ပေါ်လာခဲ့သလို သူခိုးအသေးလေးကနေ သူခိုးအကြီးစား၊ လုယက်သမားလေးကနေ ဖောက်ထွင်းသူ၊ သော့ဝိဇ္ဇာ၊ သာမန်ရိုက်မှုနဲ့ ထောင်ကျလာခဲ့သူက လူမိုက်ကြီးဖြစ်၊ ဆေးသမားတွေဖြစ်၊ မူးယစ်ရာဇာကြီးတွေဖြစ်၊ ဘိန်းစားတွေ ဖြစ်လာခဲ့ပြီး ထောင်တွေက အနာဂတ် ရာဇဝတ်သမားကြီးတွေ မွေးထုတ်ပေးရာ ပင်မနေရာကြီးတခုပင် ဖြစ်နေပါတော့တယ်။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024