DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် စံချိန်တင်အပူချိန်ကြောင့် သေဆုံးသူဦးရေ မြင့်တက်
DVB
·
April 30, 2024
ချောက်မြို့တွင် စံချိန်တင်အပူချိန်ကြောင့် သေဆုံးသူဦးရေ မြင့်တက်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ စံချိန်တင် အပူချိန်မြင့်တက်နေပြီး Eldorado Weather ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းမှာ အခုရက်ပိုင်းအတွင်း နံပါတ် ၁ နေရာမှာ ရောက်ရှိနေပါတယ်။

ကမ္ဘာ့မိုးလေဝသ အချက်အလက် တိုင်းတာချက်ကို ဖော်ပြနေတဲ့ Eldorado Weather မှာ ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီက အပူချိန် ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ချောက်မြို့က ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းရဲ့ နံပါတ် ၁ နေရာမှာ ဖော်ပြခံခဲ့ရတာပါ။

ဧပြီလအတွင်း  ချောက်၊ ညောင်ဦးနဲ့ စစ်ကိုင်းမှာ နှစ်ပေါင်း ၅၀ ကျော်မှ ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တွေတင်ခဲ့သလို မန္တလေးမှာ ၇၇ နှစ်အတွင်းစံချိန်တင်ခဲ့ကာ၊   တံတားဦး၊ တောင်တွင်းကြီးနဲ့ ဇောင်းတူမြို့တွေမှာလည်း နှစ်ပေါင်း ၂၀ ကျော်မှ ၃၀ အတွင်း စံချိန်တင် အပူချိန်တွေမြင့်တက်ခဲ့ပါတယ်။

ဧပြီ ၂၈ ရက်စံချိန်တင်အပူချိန်တွေကတော့ ချောက်မှာ ၄၈ ဒသမ၂ ဒီဂရီ ဆဲလ်စီးယပ်၊ ညောင်ဦးမှာ ၄၆ ဒသမ ၀၊ စစ်ကိုင်းမှာ ၄၅ ဒသမ ၅၊ တံတားဦးမှာ  ၄၅ ဒသမ ၅၊ တောင်တွင်းကြီးမှာ  ၄၅ ဒသမ ၀ ၊ မန္တလေးမှာ  ၄၄ ဒသမ ၈ ၊ ဇောင်းတူမှာ  ၄၃ ဒသမ ၁ အသီးသီးရှိတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

အခုဧပြီလအတွင်း ချောက်မြို့မှာ အပူချိန် သိသိသာသာ မြင့်တက်လာပြီး မကြုံစဘူး ပြင်းထန်တဲ့ အပူဒဏ်ကို ခံစားနေရတယ်လို့ ချောက်မြို့ခံတဦးက ပြောပါတယ်။

“အခုလထဲ သင်္ကြန်ပြီးနောက်ပိုင်း ပိုပူလာတယ်။ ပြီးခဲ့တဲ့နှစ်တွေနဲ့စာရင် ဒီနှစ်က တော်တော်ကြီးကို ပူပါတယ်။ နေ့ခင်းပိုင်းတွေတော့ လမ်းပေါ် သိပ်မထွက်ကြတော့ဘူး။ ဒီမနက်ပိုင်းကိုပဲ တော်တော်လေးပူတယ်။ အခုမနက် အပြင်ထွက်ရတာကို သိပ်အဆင်မပြေဘူးပေါ့နော်။ မီးက နေ့ခင်းပိုင်းဆို ပျက်တယ်။ ကျန်တဲ့အချိန်တွေတော့ မီးလာပါတယ်။ ညပိုင်း မီးပျက်ရင်တော့ အိပ်လို့မရဘူးပေါ့နော်။ အရမ်းအိုက်လွန်းတော့။”

စံချိန်တင်အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေထဲ သေဆုံးမှုတွေ ရှိလာတဲ့အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်မှုရှိပြီး မနက် ၉ နာရီနောက်ပိုင်းမှာ အရေးကြီးတဲ့ အကြောင်းကိစ္စမရှိရင် အပြင်မထွက်တော့ဘူးလို့ မြို့ခံ သက်ကြီးရွယ်အိုတဦးက ပြောပါတယ်။

“ကျနော်တို့ ၉ နာရီနောက်ပိုင်းဆို တကယ်ကို အပြင်မထွက်နိုင်တော့ဘူး။ ရေလည်း စောစောလေး ချိုးထားရတယ်။ ကျနော်တို့ အသိမိတ်ဆွေထဲက အသက် ၈ဝ ဝန်းကျင်လောက် အိမ်မှာ နေထိုင်မကောင်းတော့ ဆေးရုံတင်တယ်။ ဆေးရုံမှာ အဲကွန်းနဲ့ထားတာကို နေမထိထိုင်သာပေါ့။ သတိတွေလစ်ပြီး ငါးရက်မြောက်နေ့ကျတော့ ဆုံးသွားတယ်။”

ချောက်မြို့မှာ အခုဧပြီလအတွင်း အပူချိန် စံချိန်တင်မြင့်တက်လာတာနဲ့အတူ လူသေဆုံးမှုလည်း ပြီးခဲ့တဲ့လတွေနဲ့ နှိုင်းယှဉ်ရင် ပိုများလာတယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။

အခုနှစ် ဇန်နဝါရီလမှာ သေဆုံးသူ ၄၅ ဦး၊ ဖေဖော်ဝါရီလမှာ ၃၆ ဦး၊ မတ်လမှာ ၂၈ ဦးရှိခဲ့ပြီး အခု ဧပြီလမှာ သေဆုံးသူ ၅၅ ဦးနဲ့ သေဆုံးသူအများဆုံးလ ဖြစ်တယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“အသက်အရွယ် အပိုင်းအခြားကျတော့ ပြောရတာ စုံမယ်ထင်တယ်။ သက်ကြီးပိုင်းတွေတော့ ပါတာပေါ့။ သေဆုံးတဲ့ပုံစံကတော့ ကျနော်တို့ဆီလာတာကတော့ ဒီတိုင်း ရောဂါတခု နာမည်တပ်ပြီး လာတာပေါ့နော်။ အကြမ်းဖျင်းအားဖြင့်တော့ ကျနော်တို့ တလကို အလောင်း ၃ဝ လောက် ပျမ်းမျှ သင်္ဂြိုဟ်ရတာပေါ့။ အခုလကတော့ သေဆုံးမှု နည်းနည်းမြင့်တက်တယ်လို့ ပြောရမှာပေါ့နော်။”

စံချိန်တင် အပူချိန်မြင့်တက်နေတဲ့ကာလအတွင်း ချောက်မြို့မှာ နေ့စဉ် လူ ၄ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင်း လူမှုကူညီရေးအသင်းတွေရဲ့ အသိပေး ကြေညာချက်တွေအရ သိရပြီး အပူချိန် ဆက်လက် စံချိန်တင်နေမှာကို စိုးရိမ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခု ဒီမှာ နာရေးကူညီမှုအသင်းတွေရဲ့ ထုတ်ပြန်ချက်အရဆိုရင် နေ့စဉ် ပျမ်းမျှ နာရေး ၄ ခုလောက် ရှိတယ်လို့ ပြောတယ်။ ကျနော်တို့မြို့မှာ နာရေးကူညီမှုအသင်းလေးတွေရှိတော့ သူတို့ သင်္ဂြိုဟ်ရတဲ့ စာရင်းလေးတွေကို မှတ်တမ်းလေးတွေ လုပ်ထားတာပေါ့ဗျာ။ သူတို့က page မှာ ပြန်တင်ပေးတာပေါ့။ ဒီတိုင်းဆိုလို့ရှိရင် စိုးရိမ်တာပေါ့ဗျာ။ ဒီကနေ့ (ဧပြီလ ၂၉ ရက်) တော့ ညနေပိုင်းမှာ မိုးလေးဖွားဖွားရွာတယ်ဗျ။ ရွာပေမဲ့ မစို့မပို့ဆိုတော့ အပူတော့ လျော့သွားတယ်။ အခုတော့ လမ်းတောင် ခြောက်သွားပါပြီ။”

ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးကတော့ ချောက်မြို့မှာ အပူရှပ်လို့ သေဆုံးသူ မရှိသေးကြောင်း ငြင်းဆိုပြီး အပူဒဏ်အန္တရာယ် ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပေးချက်တွေကို လိုက်လံလှုံ့ဆော်ထားကာ သက်ကြီးရွယ်အိုတွေအတွက် အပူရှောင်စခန်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ကမ္ဘာ့မိုးလေဝသ အချက်အလက် တိုင်းတာချက်တွေကို ဖော်ပြနေတဲ့ Eldorado Weather ဝက်ဘ်ဆိုက်စာမျက်နှာရဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းမှာ အခုရက်ပိုင်းအတွင်း အထက်အညာဒေသ၊ ချောက်မြို့က နံပါတ် ၁ နေရာမှာ ဆက်တိုက်ဖော်ပြခံနေရတာ ဖြစ်ပါတယ်။

မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာ အစရှိတဲ့ အထက်အညာဒေသက မြို့တွေလည်း Eldorado Weather ရဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းမှာ ပါဝင်နေပါတယ်။

ဖူးအိအိနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013