DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆမတန်မြင့်တက်လာသဖြင့် အခြေခံလူတန်းစားများ ဆန်ကွဲနှင့် ဆန်ပြုတ် စားနေရ
DVB
·
April 29, 2024
ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆမတန်မြင့်တက်လာသဖြင့် အခြေခံလူတန်းစားများ ဆန်ကွဲနှင့် ဆန်ပြုတ် စားနေရ
Donate to DVB

ဧရာဝတီတိုင်းမှာ နွေစပါးတွေ ပေါ်နေချိန်ဖြစ်ပေမဲ့ ဆန်ဈေး အဆမတန် ထိုးတက်လာတာကြောင့် အခြေခံလူတန်းစားတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းအတွင်း ဆန်ဈေး သိသိသာသာ မြင့်တက်လာပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပေါ်ဆန်းဆန်တအိတ်ကို ငွေကျပ် ၉၉,၀၀၀၊ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၈၇,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ ဧပြီလမှာ ပေါ်ဆန်းဆန်ချောတအိတ်ကို ၁၃၉,၀၀၀ နဲ့ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၉၈,၀၀၀ ကနေ ၁၁၀,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ကျိုက်လတ်မြို့နယ်နေ အမျိုးသမီးတယောက်က “ကိုယ်ရောင်းတဲ့ ရောင်းကုန်ကျတော့ ဈေးမရှိဘူး၊ ကိုယ်ဝယ်ရတဲ့ပစ္စည်းက အရင်ထက် ဈေး ၃ ဆလောက် တက်နေတာ။ အရင်က ငွေ ၁ သိန်းရှိရင် ဆန် ၂ အိတ်လောက် ဝယ်လို့ရတယ်။ အခုက ဆန်တအိတ်တောင် မရချင်တော့ဘူး။ ဒီရက်ပိုင်းအတွင်း ထိုးတက်လာတာ။ စပါးသစ်ပေါ်လို့ ဈေးကျသွားမယ် ထင်တာ။ အခု ရွာဘက်မှာ တချို့က ဆန်ပြုတ်သောက်နေရတယ်။ တချို့က မနက်နဲ့ည ပေါင်းစားနေရတယ်။ ဆန်မစားနိုင်တော့လို့ ဆန်ကွဲစားနေရတဲ့သူတွေလည်း ရှိနေတယ်။ အာဏာမသိမ်းခင်က ဆန်ကောင်းတွေကိုပဲ ဝယ်စားခဲ့တာ ပေါ်ဆန်းဆန်ပေါ့။ အခု ဆန်ကြမ်းဝယ်စားနိုင်ဖို့အတွက်တောင် မနည်းလုပ်နေရတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ ဧပြီလဟာ နွေစပါး စပေါ်တဲ့အချိန်ဖြစ်ပြီး နိုင်ငံရေး အကျပ်အတည်းကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာတာ၊ စိုက်ပျိုးရေးသုံး ဆေးဝါးတွေ ဈေးအဆမတန် တက်လာတဲ့အတွက် အပြည့်အဝ မသုံးနိုင်တာ စတဲ့ အခက်အခဲတွေကြောင့် စပါးအထွက်လျော့ကျကာ ဆန်ဈေးမြင့်တက်နေရတာလို့ သိရပါတယ်။

ဒါ့အပြင် ဒေသထွက် ဆန်၊ စပါး အထွက်နည်းနေပေမဲ့ စစ်ကောင်စီက ပြည်တွင်းကဆန်ကို ပြည်ပဈေးကွက် အများအပြား တင်ပို့ရောင်းချနေတာကြောင့်လည်း အခုလို ဆန်ဈေး ထိုးတက်လာတာလို့ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှ ဆန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “ဆန်ဈေး အရမ်းတက်လာတယ်၊ အခုရက်ပိုင်းတွေဆိုရင် ပိုဆိုးတာပေါ့။ အရောင်းအဝယ် လုပ်ရတာလည်း အဆင်မပြေတော့ဘူး။ အငတ်ဘေးဆိုက်တော့မယ်၊ အခုပေါက်နေတဲ့ ဆန်ဈေးက ရောင်းရတာလည်း မကောင်းသလို ဝယ်ရတာလည်း မကောင်းဘူး။ လက်ရှိ ဆတ်လပ်ကြီး ဆန်ကွဲတမျိုးပေါ့နော် အဲဒီဆန်ကွဲ အဝယ်များနေတယ်၊ ဆန်မစားနိုင်တော့ဘူးလေ။ အခြေခံလူတန်းစားတွေပဲ ငတ်နေတာမဟုတ်ဘူး၊ စားနိုင်သောက်နိုင်သူတွေပါ ငတ်လာပြီ။ ဧရာဝတီတိုင်းမှာ အခုလိုအဖြစ် ကြုံရတာ စိတ်မကောင်းစရာပဲ” လို့ ပြောပါတယ်။

အခုလို ဆန်ဈေး၊ စပါးဈေးတွေ အဆမတန် ထိုးတက်လာတာဟာ ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အမြင့်ဆုံးဈေးဖြစ်ပြီး ကျိုက်လတ်၊ မအူပင်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ ပန်းတနော်၊ ဓနုဖြူ စတဲ့ဒေသတွေက အခြေခံလူတန်းစားတွေ ဆန်ကွဲစားရတာနဲ့ ကြုံနေရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးမှုအများဆုံး တိုင်းဒေသကြီးဖြစ်ပြီး လယ်သမား အများစုဟာ သွင်းအားစုစရိတ်ဈေးနှုန်း မြင့်တက်တာကြောင့် စိုက်ပျိုးစရိတ်နဲ့ ဘဏ်ချေးငွေတွေကို ပြန်ဆပ်ဖို့လည်း အကျပ်အတည်း ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆမတန် ထိုးတက်လာတဲ့ ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက်ဆိုကာ ပြီးခဲ့တဲ့ စက်တင်ဘာလက အခြေခံစပါးရည်ညွှန်းဈေးကို သတ်မှတ်ခဲ့ပြီး ဆန်အိတ်ရေ ၁,၀၀၀ နဲ့ စပါးတင်းရေ ၅,၀၀၀ အထက် သိုလှောင်ထားသူတွေကို လိုင်စင်လုပ်ရမယ်လို့ စစ်ကောင်စီက သတ်မှတ်ကြေညာခဲ့သေးတယ်လို့ သိရပါတယ်။

Photo - MMK

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆမတန်မြင့်တက်လာသဖြင့် အခြေခံလူတန်းစားများ ဆန်ကွဲနှင့် ဆန်ပြုတ် စားနေရ