DVB Logo
Home
မြန်မာသတင်း
ရွှေပေါက်ကံ EPC က ပြည်သူများအား မီးလျှော့ပေးပြီး စက်ရုံများကို လျှပ်စစ်မီးခိုးရောင်း
DVB
·
April 29, 2024
ရွှေပေါက်ကံ EPC က ပြည်သူများအား မီးလျှော့ပေးပြီး စက်ရုံများကို လျှပ်စစ်မီးခိုးရောင်း
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ EPC က စက်ရုံတွေကို လျှပ်စစ်မီး ခိုးရောင်းစားပြီး ရပ်ကွက်ကို တနေ့ ၁ နာရီ၊ နာရီဝက်သာ မီးပေးတာကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပေါက်ကံမြို့မှာ EPC က ရပ်ကွက်ထဲကို မီးပေးရာမှာ မိမိစိတ်တိုင်းကျ ပေးချင်တဲ့အချိန် ပေးပြီး အလှည့်ကျ မီးပေးတဲ့ အချိန်ထဲမှာ ၂ နာရီ ၃ နာရီကို မီးဖြတ်ကာ စက်ရုံတွေကို မီးခိုးရောင်းစားနေတယ်လို့ ၂၂ ရပ်ကွက်နေသူတဦးက DVB ကို ပြောပါတယ်။

“မီးက အရင်က အလှည့်ကျလာတာ၊ အခု မနက် ၉ နာရီ လာတယ်၊ ၁၀ မိနစ်လောက်လာပြီး ပျက်သွားတယ်၊ နေ့လယ် ၁၂ နာရီခွဲ ပြန်လာတယ်၊ ၁ နာရီဆို ပြန်ပျက်တယ်၊ နာရီဝက်လောက်ပဲပေးတယ်၊ လျှပ်စစ်နဲ့ပတ်သက်တဲ့အလုပ်တွေ ဘာမှလုပ်လို့မရဘူး။”

ညနေ ၅ နာရီ ပြန်လာရမယ့်အချိန်တွေမှာ ၁၅ မိနစ်လောက်သာ မီးလာပြီး ည ၁၀ နာရီအထိ မီးမပေးလို့ အထည်ချုပ်စက်ရုံသမားတွေ ထမင်းဝယ်စားရပြီး အပိုငွေကုန်ကျမှုတွေရှိတယ်လို့ ရှင်ဆောင်း အထည်ချုပ်အလုပ်သမားတဦးက DVB ကို ပြောပါတယ်။

“ညနေ ၅ နာရီဆို မီးပေးရမယ့်အချိန်မှာ မီးမပေးဘူး၊ ၅ မိနစ်လောက်လာပြီး ၃ နာရီလောက် ပျက်တယ်၊ ရတဲ့လစာနဲ့ မီးပျက်လို့ ထမင်းဝယ်စားရတဲ့စရိတ်က မကာမိဘူး၊ ရပ်ကွက်ထဲမှာ မီးပျက်နေတဲ့အချိန် စက်ရုံတွေမှာ မီးလာနေတယ်၊ စက်ရုံတွေကို EPC က မီးခိုးပေးနေတယ်ဆိုတာ သိသာတယ်။”

မီးလာချိန်မမှန်ပေမဲ့ မီးပျက်ရမယ့်အချိန်ကို ကြိုတင်မီးဖျက်တာမျိုး ရှိတဲ့အပြင် တနေ့ကို နာရီဝက် တနာရီသာ မီးလာတဲ့အချိန်တွေလည်း ရှိတယ်လို့ လုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။

“ရွှေပေါက်ကံ EPC က ဘယ်လိုပုံစံမျိုးလဲဆိုတော့ လူထုကို စောက်ဂရုစိုက်စရာမလိုဘူး၊ ရပ်ကွက်ထဲကို မီးဖြတ်မယ်၊ စက်ရုံကို ၃ နာရီ ၂ နာရီ ရောင်းစားမယ်၊ သိချင်တဲ့သူက ဖုန်းဆက်မေးရင် အဆိုတော်ဗျူဟာကိစ္စ သိလား ဆိုပြီး ခြိမ်းခြောက်တယ်၊ မပေးရင် မပေးနဲ့၊ ပေးတဲ့ပုံစံ အလှည့်ပေးတဲ့ အချိန်ထဲက စက်ရုံတွေ ခိုးမရောင်းသင့်ဘူး။”

မင်္ဂလာဒုံစက်မှုဇုန်၊ ရွှေပေါက်ကံစက်မှုဇုန် စတဲ့ စက်မှုဇုန်တွေ ပါဝင်ပြီး စက်ရုံတွေကို မီးခိုးရောင်းတဲ့ကိစ္စကို ပြည်သူတချို့ မကျေမနပ်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေပေါက်ကံမြို့ EPC က ရပ်ကွက်နဲ့ ကျေးရွာတွေကို အရင်က လျှပ်စစ်မီးကို မနက် ၉ နာရီမှ နေ့လယ် ၁ နာရီ၊ ညနေ ၅ နာရီမှ မနက် ၆ နာရီအထိ အလှည့်ကျပေးရာမှ မတ်လကစတင်ပြီး တရက်ကို နာရီဝက် တနာရီသာ ပေးတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013