DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ရာချီ လှေ ၁၁ စီးဖြင့် ဝင်လာ၊ လှေ ၁ စီး နှင့် ၆၅ ဦး ဖမ်းမိ 
DVB
·
April 29, 2024
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ရာချီ လှေ ၁၁ စီးဖြင့် ဝင်လာ၊ လှေ ၁ စီး နှင့် ၆၅ ဦး ဖမ်းမိ 
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က တရားမဝင်မြန်မာတွေ လှေ ၁၁ စီးနဲ့ ဝင်ရောက်လာပြီး ၁၀ စီးလွတ်မြောက်သွားကာ ၁ စီးသာ ဖမ်းမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဧပြီ ၂၇ မနက်စောစောက ထောင်းဖာဖုမ်းမြို့နယ် ထာ့ခနွန်အုပ်စု ဝချီရာလောင်ကွန်း ဆည်ကြီးထဲမှာ တရားမဝင် အလုပ်သမားတွေကို လှေနဲ့တင်လာကြောင်း  ဒေသခံရွာသားတွေ သတင်းပို့လာတဲ့အတွက် စစ်တပ်၊ နယ်မြေခံရဲ နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေ ပေါင်းပြီး ဆည်ကြီးတဝိုက်မှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

မနက် ၃ နာရီလောက်မှာတော့ ဆည်ထဲမှာ စက်လှေတွေ ခုတ်မောင်းဝင်လာတယ်၊ တာဝန်ရှိသူတွေက ဆလိုက်မီးထိုးပြီး စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ စက်လှေတွေက ရပ်မပေးဘဲ အမှောင်ထဲကို ခုတ်မောင်း လွတ်မြောက်သွားတယ်၊ စက်လှေ ၁ စီးကတော့ ပန်ကာပျက်သွားလို့ ဆက်မမောင်းနိုင်တာနဲ့ အဖမ်းခံလိုက်ရတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

လှေမောင်းသူမှာ အသက် ၂၅ နှစ်အရွယ် ခိုင် ဆိုသူ မြန်မာအမျိုးသားနဲ့ ၂၄ နှစ်ရွယ် အဲန်းဆိုသူ မြန်မာအမျိုးသမီးက လမ်းပြလုပ်ပြီး တရားမဝင် မြန်မာနိုင်ငံသား ၁၃ ဦး (ကျား ၁၁ + မ ၂) တို့ကို တင်ဆောင်လာတယ်၊ အဲဒီလူတွေကို တယောက် ဘတ် ၃၀၀ နှုန်းနဲ့ ထာ့ဖဲ လှေဆိပ်ကို သွားပို့ပေးဖို့ ပွဲစားက ဆက်သွယ်လာတာကြောင့် တင်လာတာလို့ ဝန်ခံသွားပါတယ်။ လှေပေါ် ပါလာသူတွေကလည်း ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၁၅၀၀၀ ပေးရတယ်လို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေဟာ ဆည်အနီးတဝိုက် ဆက်လက်ရှာဖွေစစ်ဆေးရာမှာ မနက် ၆ နာရီလောက်မှာတော့ တောစပ်နားမှာ ပုန်းအောင်းနေတဲ့ တရားမဝင်မြန်မာ ၄၈ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ 

အဲဒီထဲမှာ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၃ ဦးပါပြီး နောက်ထပ် အသက် ၁ နှစ်မှ ၈ နှစ်ရွယ် မှီခိုသူ ကလေး ၄ ယောက်လည်း ပါလာပါတယ်။ 

သူတို့တွေဟာ တောလမ်းကနေ ထိုင်းနယ်စပ်ကို လမ်းလျှောက်လာပြီး ပွဲစားက ကားနဲ့ လာကြိုကာ လှေဆိပ်ကို ပို့ပေးကြောင်း၊  လှေ ခဏစီးပြီးတော့ ကမ်းစပ်ကို ပြန်တက်ရတယ်၊ ကမ်းစပ်အနီး တောထဲကနေ နောက်ထပ်လာကြိုမယ့်ကားကို စောင့်ဆိုင်းနေစဉ် ခုလိုအဖမ်းခံရတာလို့ ဆိုပါတယ်။ 

အဲဒီနေ့ မနက်စောစော မိုးမလင်းခင်က ဆည်ရေထဲ ဖြတ်လာတဲ့ စက်လှေ ၁၁ စီးရှိပြီး တရားမဝင် အလုပ်သမား ၂၀၀ နီးပါး တင်လာတာလို့  သတင်းပေးက ပြောတယ်။ ဒါပေမဲ့ လှေ ၁ စီးနဲ့ လူ ၆၅  ‌‌ယောက်သာ ဖမ်းဆီးရမိတာလို့ တာဝန်ရှိသူက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013