DVB Logo
Home
မြန်မာသတင်း
ဝမ္မသူးဆေးရုံ လေယာဉ်ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာ
DVB
·
April 28, 2024
ဝမ္မသူးဆေးရုံ လေယာဉ်ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာ
1 / 4
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဝမ္မသူးကျေးရွာဆေးရုံကို ဧပြီ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာတယ်လို့ သိရပါတယ်။

ဆေးရုံရဲ့ ကျန်းမာရေး၀န်ထမ်းတဦးက “လေကြောင်းနဲ့ဗုံးကြဲခံရတဲ့ ဧပြီ ၂၅ ရက်နေ့က လူနာနဲ့ လူနာစောင့်တွေထဲက ၄ ဦးဆုံးတယ်။ ၂၆ ရက်နေ့မှာ ၁ ဦး ထပ်ဆုံးပါတယ်။ သေဆုံးသူ ၅ ဦး ရှိသွားပါပြီ။ ဒဏ်ရာရသူ စုစုပေါင်း ၃၀ ကျော်ရှိပါတယ်။ အဆောက်အဦနဲ့ ဆေးရုံသုံးပစ္စည်းအားလုံး ပျက်စီးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

မင်းတပ်မြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ ဝမ္မသူးကျေးရွာက ဝမ္မသူးဆေးရုံကို ဧပြီ ၂၅ ရက်နေ့ည ၈ နာရီလောက်မှာ လေ​ယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့လို့ ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ၊ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးတွေ၊ ဝန်ထမ်းအိမ်ရာနဲ့ အသုံးအဆောင်ပစ္စည်း ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၁ သောင်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

မင်းတပ်မြို့က နိုင်ငံရေးသမားတဦးကလည်း “အခုလို ဆေးရုံ၊ ဆေးခန်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေဟာ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို သတ်ဖြတ်နေတာပါ။ တကယ်လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇ၀တ်မှုအပြည့်အဝမြောက်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

ဝမ္မသူးဆေးရုံဟာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ ပုလဲ၊ ယင်းမာပင် အစရှိတဲ့ဒေသတွေက ပြည်သူတွေကိုသာမက တိုက်ပွဲမှာဒဏ်ရာရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အခမဲ့နီးပါး ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲတခုမှာ အကြီးစားဒဏ်ရာရတော့ အဲဒီ ဝမ္မသူးဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့တာ ၁၀ ရက်လောက်ကြာတယ်။ အားလုံး အခမဲ့ပါပဲ။ အခုလို လူမဆန်တဲ့အလုပ်ကို လုပ်ခဲ့တဲ့ စစ်ခွေးတသိုက်ကို အမြစ်ပြတ်တဲ့အထိ ချေးမှုန်းသွားမှာပါ” လို့ ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝမ္မသူးဆေးရုံတခုလုံးကို မြေလှန်ဖျက်ဆီးခဲ့ပြီး ဆေးဝါး၊ ထိုင်ခုံ၊ ဗီရို၊ ခွဲစိတ်ပစ္စည်း၊ ဓာတ်မှန်စက်၊ စားပွဲ၊ သောက်ရေပုံးကအစ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ကုသရေးပြန်လည်ထူထောင်လည်ပတ်နိုင်ဖို့အတွက် ကူညီထောက်ပံ့တာတွေ အရေးတကြီး လိုအပ်နေလို့ NUG Pay ကတဆင့် လှူဒါန်းနိုင်တယ် လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၂၉၃ ကြိမ်ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းပေါင်း ၃၄၃ ခုကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲခဲ့တဲ့ ဝမ္မသူးကျေးရွာဟာ စစ်ကောင်စီရဲ့ နိုင်ငံတော် ကောင်စီဝင်တဦးဖြစ်တဲ့ ဦးမောင်းဟာ ရဲ့ ဇာတိကျေးရွာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013