DVB Logo
Home
Lead Story
လက်ကျန်သက်တမ်း ခပ်ပါးပါး၊ ကျည်ကာဝတ်စုံတဖားဖားနဲ့ စစ်မကောင်းဆိုးဝါး 
DVB
·
April 28, 2024
လက်ကျန်သက်တမ်း ခပ်ပါးပါး၊ ကျည်ကာဝတ်စုံတဖားဖားနဲ့ စစ်မကောင်းဆိုးဝါး 
Donate to DVB

ပြီးခဲ့တဲ့ ဧပြီ ၄ ရက် မနက်ပိုင်းမှာ နေပြည်တော်ရှိတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီး၊ အေလာလေဆိပ်ကို အသေခံကာ မေကာဇေဒရုန်း ၁၂ စီးနဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာရယ်၊ နောက်တခါ ဧပြီ ၁၄ ရက် ညမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်မှာ ရောက်ရှိနေချိန် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတာကြောင့် အာဏာလု စစ်ဓားပြဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ရုံးတက်ရုံးဆင်း၊ ပြည်တွင်း ခရီးစဉ်တွေနဲ့ သူနဲ့သူ့မိသားစု လှုပ်ရှားသွားလာမှုတွေကို သူ့ရဲ့ကိုယ်ရံတော်တပ်မှလွဲပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ အရပ်ဘက်ဝန်ကြီးဌာနတွေနဲ့ နေပြည်တော်စစ်ရုံးချုပ်ကိုပင် ကြိုတင် အသိမပေးတော့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုခဲ့တယ်လို့ ဧပြီ ၂၀ ရက်နေ့ သတင်းတွေထဲမှာ ဖတ်လိုက်ရပါတယ်။

ဒါဟာ ပြည်သူလူထုတရပ်လုံးရဲ့ ဘုံရန်သူဖြစ်ခဲ့ရပြီးတဲ့နောက် လုပ်ကြံလိုသူ ပေါများလွန်းတဲ့ အာဏာလု စစ်မကောင်းဆိုးဝါးအတွက် အသက်ဘဝမလုံခြုံတော့ဘူး၊ သက်တမ်းလက်ကျန် များများစားစား မကျန်တော့ဘူးဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။ သူ့ရဲ့ အာဏာရမ္မက်ကြောင့် နိုင်ငံနဲ့ ပြည်သူကို ချနင်းဖျက်ဆီးကတည်းက သူ့ရဲ့ အသက်အန္တရာယ် မလုံခြုံတော့တာကို သူကိုယ်သူသိလို့လည်း သွားလေရာ လာလေရာမှာ ကျည်ကာဝတ်စုံ တဖားဖားနဲ့ ကိုးရိုးကားရားသွားလာ ငရဲခံနေခဲ့ရတာကြာပါပြီ။

နောက်တချက်က စစ်ဓားပြဂိုဏ်းချုပ်မင်းအောင်လှိုင်ဟာ စစ်ရုံးချုပ်အပါအဝင် သူ့ခါးပိုက်ဆောင်တပ်ကိုတောင် သူမယုံကြည်တော့ဘဲ သူ့ကိုယ်ရံတော်တပ်ထဲမှာတောင် အတွင်းစည်းနဲ့ အပြင်စည်းခွဲပြီး ထားလာရတာဟာ ဓားပြခေါင်းဆောင်နဲ့ ဓားပြဂိုဏ်းတခုလုံး အဆက်ပြတ်နေတဲ့သဘောဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် တပ်မတော်အမည်ခံ စစ်မကောင်းဆိုးဝါးတပ်ဟာ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားပြီလို့ ပြောလို့ရနိုင်ပါတယ်။

တကယ်လို့များ သူယုံကြည်တဲ့ ကိုယ်ရံတော်အတွင်းစည်းက မင်းအောင်လှိုင်ကို ဝိုင်းလုပ်ကြံ ကြမယ်ဆိုရင်တောင် ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နေပြည်တော်စစ်ရုံးချုပ်တောင် သူသေပြီးမှ သိကြရမဲ့ အခြေအနေမျိုး ဆိုက်ရောက်လာတာပါဘဲ။ မိဘပြည်သူတွေရဲ့ ကျေးဇူးမသိတတ်တဲ့အပြင် မကောင်းမှုအကုသိုလ်မှန်သမျှ ခြေစုံပစ်ပြီး အားပါးတရကျုးလွန်နေသူ လူယုတ်မာတဦးအတွက် အကျည်းတန်တဲ့ ဇာတ်သိမ်းခန်းဟာ စတင်ရောက်နေပါပြီ။

လောဘ၊ ဒေါသ၊ မောဟ ကြီးမားလွန်းတဲ့ မအလဟာ အသိဉာဏ်မှောင်အတိကျနေတာမို့ သူ့အတွက် ကံကြမ္မာဆိုးတွေဝိုင်းရံပြီး နီးကပ်လာနေတာကို မမြင်နိုင်မသိနိုင်တော့ပါဘူး။ သူကိုးကွယ်တဲ့ ဝစီပိတ်မိစ္ဆာဘုန်းကြီးပေးတဲ့ အဆောင်လက်ဖွဲ့ ယတြာတွေက သူနဲ့သူ့မိသားစုကို ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ မျက်ကန်းယုံကြည်မှုကို ဥပမာပေးရရင် ယတြာယုံပြီး မိုင်းပုံကြီးကို တက်နင်းတဲ့ လူအန္ဓလူဗာလပုံပမာပါပဲ။

ဒါကြောင့်မို့လို့လည်း ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ နေပြည်တော် စစ်ဓားပြကောင်စီအစည်းအဝေး (၄/၂၀၂၄) မှာ ပြည်သူလူထုမပြောနဲ့ သူ့ကိုထောက်ခံနေတဲ့ စစ်ကျွန် အသိုက်အဝန်းကတောင် မယုံကြည်နိုင်ကြတဲ့ တကယ့်လက်တွေ့မဖြစ်နိုင်ဘဲ ယုတ္တိမတန်တဲ့ စကားတွေကို အရူးတယောက်လို သွေးရူးသွေးတမ်း ပြောဆိုခဲ့ပြန်တာဖြစ်ပါတယ်။

လူပုံအလယ် အရှက်မရှိ သူပြောခဲ့တာက လာမဲ့ပညာသင်နှစ် ၂၀၂၅ ခုနှစ်မှာ ကျောင်းအားလုံး ဖွင့်လှစ်သင်ကြားနိုင်‌ရေးနဲ့ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါသတဲ့။ သူနဲ့သူ့မိသားစုတောင် ဘယ်အချိန် မိုးပေါ်က ဝရဇိန်သွားလို ဒရုန်းမိုးတွေ ရွာချခံရမလဲတွေးပူပြီး ကိုယ်ရံတော်တပ်ဖွဲ့တောင် အကုန်အသိမပေးရဲဘဲ ခိုးကြောင်ခိုးဝှက် နေထိုင်သွားလာနေရပါလျက်နဲ့ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံနဲ့ ပညာသင်ကြားအောင် သူကလုပ်ပေးမယ်လို့ အသံကောင်း ဟစ်သွားတာပါပဲ။

တကယ်တမ်း အာဏာရူးလူသတ်သမား မင်းအောင်လှိုင်နဲ့ စစ်မိစ္ဆာတသိုက်ဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းနေအရွယ် ကလေးလူငယ်တွေကို အတင်းအဓမ္မဖမ်းပြီး အလိုမတူဘဲ ဓားပြတပ်ထဲ ဆွဲသွင်းလို့ သူတို့ဖန်တီးထားတဲ့ ပြည်တွင်းစစ်ကြီးထဲ သူတို့အကျိုးကို ကာကွယ်ပေးဖို့ သူတို့ကိုယ်စား ရှေ့က အသေခံခိုင်းနေကြတဲ့ မကောင်းဆိုးဝါးက၊ တိုင်းပြည်အပေါ် စေတနာထား သယောင်ယောင်၊ သူကပဲ ပညာရေးအားပေးသလိုလို၊ လူငယ်တွေ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားနိုင်အောင် ဆောင်ရွက်မယ်ပြောဆိုခဲ့တာဟာ ပါးစပ်ကနေ မစင်အန်ထုတ်ပြနေတာနဲ့ အတူတူပါပဲ။

အာဏာရူးမင်းအောင်လှိုင်ဟာ အရူးတော့ အရူး၊ ဒါပေမဲ့ အရူးပါးတယောက်ပါ။ ပြည်သူချစ်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့ သူ့မိန်းမဟာ အသိဉာဏ်၊ ကိုယ်ကျင့်တရား အဆင့်အတန်းခြင်း မိုးနဲ့မြေလိုကွာခြားတယ်ဆိုတာ မသိနိုင်လောက်အောင် မိုက်မဲကြတာမို့ မတူမတန်တာ မသိဘဲ ဂုဏ်တုဂုဏ်ပြိုင်လုပ်ရင်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးနာကျည်း အငြိုးထားနေကြပေမဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအရိပ်ဟာ သူ့အမြဲမပြတ် ဝတ်ဆင်ထားရတဲ့ ကျည်ကာအင်္ကျီထက် အဆများစွာပိုလုံခြုံတာ၊ ကျည်ဆန်တင်မက မစ်ဇိုင်းဒုန်း၊ အသေခံဒရုန်းတွေတောင် ကာကွယ်ပေးနိုင်တာကို သူကောင်းကောင်းသိပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပူဒဏ်သက်သာအောင် ပြောင်းရွှေ့ ထားကြောင်း ပြောပေမဲ့ ဘယ်ကိုရွှေ့တယ်ဆိုတာ ထုတ်မပြောရဲကြပါဘူး။ သေချာတာကတော့ လက်နက်မဲ့ပြည်သူကိုသာ သတ်ရဲဖြတ်ရဲ ရက်စက်ရဲကြပေမဲ့ ကိုယ်ပြန်ခံရမှာ သေမတတ် ကြောက်ကြတဲ့ သတ္တိမရှိတဲ့ စစ်ဗိုလ်ချုပ်အယုတ်တမာကြီးတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်နဲ့တခြားအရပ်ကို ဘယ်တော့မှာမပို့ရဲပါဘူး။  သူတို့အနီးနားထားပြီး လူသားဒိုင်းအဖြစ် အကာအကွယ်ယူ၊ သူတို့အသက်အာမခံအဖြစ် အပေးအယူလုပ်ရာမှာ အသုံးချကြမှာ သေခြာလှပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် တနိုင်ငံလုံးက တိုင်းရင်းသားမိဘပြည်သူ သန်း ၅၀ ကျော်နဲ့ စစ်ခင်းရင်း စစ်မျက်နှာအားလုံးနဲ ကဏ္ဍအသီးသီးမှာ ကျဆုံး စစ်ရှုံးလာရတဲ့ စစ်ဓားပြဂိုဏ်းချုပ်မင်းအောင်လှိုင်ဟာ သူရဲ့အာဏာရမ္မက်မီးတောက်က သူ့ကို ပြန်လည်လောင်ကျွမ်းလို့ လာရင်း တနေ့တခြား အသက်ဘဝလုံခြုံမှု မရှိတော့တာမို့ ဘယ်သွားသွား ဘယ်လာလာ ကျည်ကာဝတ်စုံတဖားဖားနဲ့ စစ်မကောင်းဆိုးဝါးတကောင်ပမာ ကိုးရိုးကားရား သွားလာနေရတာဟာ ခဏတဖြုတ်မဟုတ်တော့ဘဲ ခပ်ပါးပါးသာကျန်တော့တဲ့ သူ့ရဲ့လက်ကျန် သက်တမ်းတိုတိုလေးအတွင်း အမြဲလိုလိုဝတ်ဆင်သွားရမှာ နောက်ဆုံး ၅ ပေ သာသာ ကျင်းလေးထဲရောက်ရှိ လဲလျောင်းရမယ့်အချိန်ထိ ဖြစ်နိုင်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013